ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ အဏ္ဏဝါရပ်တွင် ဖွင့်လှစ်ထားသော အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ မြန်မာစာရေးတတ်ဖတ်တတ်ပြီး စိတ်ပါဝင်စားသည့် တိုင်းရင်းသူအမျိုးသမီးများအား ဘဝအာမခံချက်ရရှိသည်အထိ စရိတ်ငြိမ်း တက်ရောက်သင်ကြားနိုင်ကြောင်း အဆိုပါကျောင်းမှ သိရသည်။
မော်လမြိုင်ခရိုင်အတွင်းရှိ တိုင်းရင်းသူများအပါအဝင် ရေးတပ်နယ်နှင့် မွန်ပြည်သစ်ပါတီတို့မှ တိုင်းရင်းသူများ၊ ရွှေ့ပြောင်းရောက်ရှိလာသည့် တိုင်းရင်းသူများပါ တက်ရောက်သင်ကြားလျက်ရှိပြီး မနက်စာ၊ နေ့လယ်စာနှင့် ညစာအပါအဝင် နယ်ဝေးသမားများအတွက် ခရီးစရိတ်များရရှိအောင်စီစဉ်ပေးထားကြောင်း အဆိုပါကျောင်းအုပ် ဒေါ်သင်းသင်းယုက ပြောသည်။
စိတ်ပါဝင်စားစွာ တက်ရောက်စေချင်တယ်၊ သူတို့ဘဝရပ်တည်နိုင်ဖို့အတွက်ပါ၊ စိတ်ပါဝင်စားတဲ့ အတွက်ကြောင့်မို့ မတတ်မြောက်ဘူးဆိုတာ လုံးဝမဖြစ်စေရပါဘူး၊ အသက်မွေးဝမ်းကျောင်း ပြုနိုင်သည်အထိ အာမခံတယ်၊မြန်မာစာရေးတတ်ဖတ်တတ်ရင်ရပါပြီ၊ ကျောင်းကိုလည်း တိုက်ရိုက်လာရောက် လျှောက်ထားနိုင်ပါတယ် ” ဟု ၄င်းက ပြောသည်။
အပ်ချုပ်ဘာသာရပ်၊ လက်မှုဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်တို့ကို အခြေခံနှင့် အဆင့်မြင့်သင်တန်းများအဖြစ် တစ်နှစ်လျှင် ၃ ကြိမ်၊ ၁ ကြိမ်လျှင် ၁၄ ပတ်ကြာ သင်ကြားပေးနေကြောင်း၊ သင်ထောက်ကူပစ္စည်းများ၊ ရိုးရာဝတ်စုံအတွက်လည်း ထောက်ပံ့ပေးကြောင်း သိရသည်။
” သင်တန်းမှာ ထူးချွန်တဲ့သူကိုလည်း အပ်ချုပ်စက်တစ်လုံး ချီးမြှင့်ပေးပါတယ်။ အခြေခံပြီးသွားရင် အဆင့်မြင့်ပြန်ပြီးတက်လို့ရတယ်၊ အဆင့်မြင့်တက်ပြီးသွားလို့ရှိရင် အရစ်ကျစနစ်နဲ့ အပ်ချုပ်စက်တွေလဲ ရောင်းပေးတယ်။ သင်ထောက်ကူအတွက်လည်း ငွေကြေးတစ်ခုမှ အကုန်ကျခံစရာမလိုပါဘူး၊ အားလုံးထောက်ပံ့ပေးပါတယ်။ ရေးမှာဆိုရင် ဒီသင်တန်းကျောင်းကဆင်းသွားတဲ့သင်တန်းသူအချို့ သင်တန်းသူတွေတောင် ပြန်လက်ခံသင်ကြားပေးနေကြပြီ၊ အချို့ဆို သင်တန်းသူ ၂၀ လောက်တောင်ရှိတယ်၊ ရွာတွေကလာတက်တဲ့ကလေးတွေဆိုရင်လည်း ခုဆို ဝန်ထမ်းအရာရှိလစာထက်တောင် ဝင်ငွေရနေကြပြီ ” ဟု ဒေါ်သင်းသင်းယုက ဆိုသည်။
ယခင်သီတင်းပတ်မှစတင်၍ မင်္ဂလာဆောင်သူတို့သမီးဝတ်စုံချုပ်ခြင်းသင်ခန်းစာတိုးချဲ့သင်ကြားပေးနေပြီး ဆက်လက်၍ အလှပြင်သင်တန်း၊ စက်ကြီးပန်းထိုးသင်တန်းနှင့် အဆင့်မြင့်ဒီဇိုင်နာသင်တန်းတို့ကိုလည်း တိုးချဲ့ဖွင့်လှစ်သွားရန်ရှိကြောင်းလည်း အဆိုပါသင်တန်းကျောင်းမှ သိရသည်။
”အပြင်မှာသင်မယ်ဆိုရင် ငွေက သိန်းချီကုန်မယ်၊ ဒါက ငွေကြေးမကုန်ဘဲနဲ့ အတတ်ပညာတစ်ခုကို ပြည့်စုံစွာနဲ့ သင်ကြားပေးနိုင်တဲ့နေရာဖြစ်တယ်၊ ယူတတ်သလောက်ရတယ်၊ သက်ဆိုင်ရာရပ်/ကျေးတွေအနေနဲ့လည်း စေတနာရှိရှိနဲ့ တကယ်ကိုနွမ်းပါးပြီး ပညာလိုလားတဲ့တိုင်းရင်းသူလေးတွေကို သိရှိနားလည်အောင်လမ်းညွှန်ကြစေချင်ပါတယ် ” ဟု ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ နိုင်စိုးနိုင်က ပြောသည်။
အဆိုပါအမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ၁၉၉၈ ခုနှစ်၊ မေလ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အခြေခံသင်တန်း ၅၇ ကြိမ်၊ အဆင့်မြင့်သင်တန်း ၄၇ ကြိမ်ပို့ချခဲ့ပြီး သင်တန်းသူ ၂၇၄၉ ဦးတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။