Homeသတင်းအပစ်ရပ်စာချုပ်ထက် နိုင်ငံရေးဆွေးနွေးပွဲများပို၍အဓိကကျသည်ဟု MNP အတွင်းရေးမှူးပြော

အပစ်ရပ်စာချုပ်ထက် နိုင်ငံရေးဆွေးနွေးပွဲများပို၍အဓိကကျသည်ဟု MNP အတွင်းရေးမှူးပြော

-

လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၌ တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ထက် နိုင်ငံရေးဆွေးနွေးပွဲများကသာ ပိုမိုအဓိကကျသည်ဟု မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက မွန်သတင်းအေဂျင်စီနှင့်အင်တာဗျူးတရပ်တွင် ပြောကြားလိုက်သည်။

နိုင်လယီတမက “နိုင်ငံရေးဆွေးနွေးဖို့အတွက် အပစ်ရပ်ရတာဖြစ်တယ်၊ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးပွဲတွေက ပိုပြီးအဓိကကျတဲ့အတွက် အဲဒီအဓိကကျတဲ့အချက်ကိုပဲ ဦးစားပေးဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် NCA လမ်းကြောင်းတခုတည်း မဟုတ်ဘဲနဲ့ သက်ဆိုင်တဲ့တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်နိုင်ဖို့ အခြားဖြစ်နိုင်ခြေ နည်းလမ်းတွေနဲ့လည်း ကြိုးပမ်းသွားဖို့ အစိုးရနဲ့ တပ်မတော်အကြီးအကဲတွေကို တိုက်တွန်းလိုပါတယ်” ဟု ဆိုသည်။

မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမ (Nai Layaetama Facebook)
သမ္မတဦးသိန်းစိန် လက်ထက်၌ Bilateral Ceasefires ဟုဆိုသော ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်ခွင့်ပြုမည်ဆိုပါက လက်ရှိ NCA လက်မှတ်ရေးထိုး ၈ ဖွဲ့ထက် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်မည်ဟု ၄င်းက ထောက်ပြသည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA, မိုင်းလား NDAA, သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA-N, မွန်ပြည်သစ်ပါတီ NMSP, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့သည် ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့်နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (ကပ်ပလန်) NSCN-K ပြည်နယ်အဆင့် စသည်ဖြင့် အပစ်ရပ်စဲလက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း NCA လက်မှတ်မရေးထိုးဖြစ်သေးပေ။

“NLD အစိုးရသစ်တက်လာတဲ့အခုချိန်ထိ NCA လက်မှတ်ဆက်လက်ရေးထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပိုမလာတဲ့အပြင် NCA လမ်းကြောင်းပေါ်မှာဆွေးနွေးနေဆဲဖြစ်တဲ့ UNFC အဖွဲ့မှာလည်း အင်အားလျော့ကျသွားပြီး NCA လမ်းကြောင်းမယူတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတယ်၊ ဒါကြောင့် လက်ရှိ NCA လမ်းကြောင်းအတိုင်းသာ ဆက်သွားနေရင် သဘောတူညီချက်တွေ ရရှိနိုင်မနိုင်ဆိုတာကို အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ သုံးသပ်သင့်ပြီ” ဟု နိုင်လယီတမက ပြောသည်။

သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးကြဖို့ အောက်တိုဘာ ၁၅ ရက်နေ့ NCA ၂ နှစ်ပြည့်အခမ်းအနားမိန့်ခွန်းမှာ တိုက်တွန်းပြောကြားထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ပြောနေတဲ့ အဖွဲ့အချို့ရှိပါတယ်။ NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့်ကတော့ ဒါ့ထက် ပိုမိုကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဒါ့ကြောင့် NCA ကိုလက်မှတ်ထိုးဖို့လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်” ဟု ဆိုသည်။

ထို့အပြင် ဒီမိုကရေစီ၏ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်စွဲကိုင်ပြီး လိုရာတောင်းဆိုမှုမျိုးကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်နိုင်ရန် ပထမဆုံး စတင်လျှောက်လှမ်းရမည့် ခြေလှမ်းမှာ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းပင်ဖြစ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်တိုက်တွန်းလိုက်သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ NCA အပစ်ရပ်စာချုပ်မူကြမ်းရေးဆွဲနိုင်ခဲ့သော်လည်း နှစ်ဖက်အလျော့အတင်းမလုပ်နိုင်သဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts