Homeသတင်းမွန်ပြည်နယ်တွင် ဆားကြမ်းတစ်ပိဿာ ၁၈၀ ကျပ်အထိ ဈေးမြင့်တက်

မွန်ပြည်နယ်တွင် ဆားကြမ်းတစ်ပိဿာ ၁၈၀ ကျပ်အထိ ဈေးမြင့်တက်

-

မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဆားရာသီအစဖြစ်သည့် အောက်တိုဘာလတွင် ဆားကြမ်းဈေးသည် အနိမ့်ဆုံး တစ်ပိဿာ ၁၈၀ ထိ မြင့်တက်သွားသည်ဟု ဆားရောင်းဝယ်သူတို့နှင့် ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

၂၀၁၆-၂၀၁၇ ဆားထုတ်လုပ်ရာသီတွင် ရာသီဥတုဖျက်ဆီးမှုကြောင့် ဆားကွင်းပျက်ကာ ဆားအထွက်နည်းခဲ့သည့်အတွက် ယခုနှစ်ဆားရာသီအစတွင် ဆားဈေးသည် အမြင့်ဆုံးဈေးဖြစ်သွားသည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

နေလှမ်းဆားကွင်း (MNA)
၄င်းက “ဈေးကွက်လိုအပ်ချက်အရ လက်ကျန်ဆားနည်းလို့ ဆားဈေးတက်တာ၊ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဆားရာသီမှာ ရာသီဥတုဖောက် မိုးဖျက်တဲ့အတွက် ဆားကွင်းတွေပျက်တယ် ဆားအထွက် ၂၅ ရာခိုင်နှုန်းလောက် လျော့ကျတယ်၊ ၁၀ဝ မှန်းရင် ၇၅ လောက်ပဲထွက်တယ်၊ ဆားအသစ်ထွက်ဖို့ကလည်း ၂ လ ကျော်ကျော်လောက်ရှိနေသေးတယ် ဒီကြားမှာ လက်ကျန်ဆားကမရှိ ဈေးကွက်လိုအပ်ချက်က ရှိတော့ ဈေးတွေတက်သွားတာ” ဟု ဆိုသည်။

ယမန်နှစ်က ဆားရာသီအချိန်အစတွင် ဆားကြမ်း အမြင့်ဆုံးဈေး တစ်ပိဿာ ကျပ် ၁၀ဝ ထိသာရှိခဲ့သည်ဟုလည်း ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ဆားကြမ်းဈေးသည် သင်္ကြန်မတိုင်ခင်က တစ်ပိဿာလျှင် ၁၀ဝ ကျပ်အောက်ရှိရာမှ သင်္ကြန်ကာလနောက်ပိုင်းတွင် ဆက်တိုက် ဈေးတက်လာခဲ့သည်ဟု ပငဆားလုပ်ငန်းရှင်လည်းဖြစ် ဆားကုန်သည်လည်းဖြစ်သည့် နိုင်ဟုက ပြောခဲ့သည်။

ရာသီဥတုကြောင့် ဆားကွင်းပျက် ဆားအထွက်နည်းပြီး ဆားဈေးမြင့်တက်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုနှစ်တွင် ဆားဈေးသည် အမြင့်ဆုံးဈေးတက်သွားသည်ဟု ဆားရောင်းဝယ်သူတို့က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဆားထုတ်လုပ်ရာသီ၌ ဆားကွင်းဧက ၂၆၀ဝ ခန့် လုပ်ကိုင်ခဲ့ပြီး တစ်ရာသီလုံးတွင် ဆားတန်ချိန် ၂၆၀ဝ၀ ခန့် ထုတ်လုပ်ရန် မှန်းထားသော်လည်း ရာသီဥတုကြောင့် ဆားအထွက် ၂၅ ရာခိုင်နှုန်းခန့် လျော့ထွက်သည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ဆားလုပ်ငန်းကို မိုးအကုန် စက်တင်ဘာလလယ်ခန့်မှစပြီး ကွင်းစတင်ပြင်ဆင်ကာ နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ခြင်း စတင်လုပ်ကိုင်ကြပြီး ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆားထုတ်လုပ်မှုစတင်လုပ်ကိုင်ကြပြီး မေလကုန်အထိ ဆားထုတ်လုပ်ကြသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာဒေသဖြစ်ပြီး ယင်းဒေသတို့မှ ထွက်သည့် ဆားများကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချသည်ဟုလည်း ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts