spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်အောင်နှင့်တွေ့ဆုံခြင်း

    မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်အောင်နှင့်တွေ့ဆုံခြင်း

    -

    မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုက ဝေဖန်မှုများလည်း ရှိသလို သံလွင်ဈေးငါးဒိုင် ကိစ္စမှာလည်း ရှင်းရှင်းသိစေနိုင်ရန် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကို မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

    မေး။ ။မြို့ဝင်ကြေးတွေကို ဆရာတို့ စည်ပင်သာယာက ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ဖြစ်ခဲ့ပုံလေးပြောပြပါဦး။
    ဖြေ။ ။ကျွန်တော်တို့ ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ ရွှေသံလွင် ကုမ္ပဏီနဲ့ အေကေ ကုမ္ပဏီနှစ်ခုကို လေလံ စနစ်နဲ့ချထားပေးခဲ့တာပေါ့။အဲ့အချိန်တုန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ဆိုရင် ငွေကျပ် သန်း ၅၉၉ သန်းလောက် လျာထားတယ်။ဒါပေမယ့် ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကုမ္ပဏီတွေကို BOT မပေးတော့ဘဲနဲ့ မိမိဝန်ထမ်းတွေနဲ့ပဲလုပ်ပါဆိုတော့ လမိုင်းမြို့အပါအဝင် မွန်ပြည်နယ် မြို့နယ် (၁၁) ခုမှာ ဘီးခွန်၊ ဘီးကောက်လုပ်ငန်းကို ဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေပါတယ်။

    မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်အောင်(MNA)
    မေး။ ။ ကုမ္ပဏီတွေကို လေလံချပြီး လုပ်တာနဲ့ ဆရာတို့ စည်ပင်က ကိုယ်တိုင်ဆောင်ရွက်တာ ဘယ်လိုတွေ ကွာခြားမှုတွေ တွေ့ရလဲ။
    ဖြေ။ ။လေလံချထားတုန်းက လျာထားချက်ငွေက ၅၉၉ သန်းလောက်ရှိပေမယ့် ဒီနှစ် ကိုယ်ကိုယ်တိုင် ဆောင်ရွက်တဲ့အတွက်ကြောင့် သန်း ၉၀ဝ နဲ့ အထက် သန်း ၁၀ဝ၀ ကြားလောက်မှာ ရမယ်လို့ လျာထားပါတယ်။ရလည်း ရမယ်လို့ ထင်ပါတယ်။လေလံချတာက နှစ်စဉ် ရာခိုင်နှုန်းနဲ့ချတာဆိုတော့ တက်မလာဘူး။ကိုယ်ကိုယ်တိုင်လုပ်ကြည့်တဲ့အခါမှာ ပိုပြီး ရမယ်ဆိုတာ သိသိသာသာ ဆိုရဲပါတယ်။ပြောရဲပါတယ်။

    မေး။ ။မြို့ဝင်ကြေးကောက်ခံရရှိတဲ့ငွေတွေကို ဆရာတို့ ဘယ်လိုအသုံးချလဲ။
    ဖြေ။ ။ရရှိတဲ့ ဝင်ငွေ အခွန်၊ အကောက်အားလုံးက ကျွန်တော်တို့ အဖွဲ့ရဲ့ ရန်ပုံငွေထဲကို ဝင်ပါတယ်။သက်ဆိုင်ရာ အစိုးရရဲ့ ပြည်နယ် ရံပုံငွေဖြစ်သွားပါတယ်။ပြည်နယ်ရန်ပုံငွေကနေ ကျွန်တော်တို့ ပြန်လည်သုံးစွဲရမယ့် ငွေလုံးငွေရင်း အသုံးစရိ်တ်တို့၊ သာမန် အသုံးစရိ်တ်တို့ ဒါတွေ အကုန်လုံးပေါင်းပြီးတော့မှ အသုံးစရိတ်တွေ ပြန်ချပေးတဲ့အတွက် ကျွန်တော်တို့ မြို့ပေါ်မှာ ဆောင်ရွက်နေတဲ့ လမ်းတွေ၊တံတားတွေ၊ရေပေးရေးတွေ အခြားသော သန့်ရှင်းရေးကိစ္စတွေ၊သန့်ရှင်းရေးဝန်ထမ်းတွေကို ပေးရတာတွေ၊ သန့်ရှင်းရေး ယာဉ်တွေလည်း ဝယ်ရတယ်။ယာဉ်စယန္တရားတွေ ဝယ်တာတွေလည်း ဒီငွေတွေထဲကပဲ အားလုံးဆောင်ရွက်နေတာ ဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ဒီပွင့်လင်းရာသီမှာလည်း သမိန်ဗရမ်းလမ်းရယ်၊ သာသနာ့ဗိမာန်လမ်းရယ်၊ အာမခံတြိဂံကနေ ပတ္တမြားကုန်းဆင်းအထိ တောင်ဝိုင်းလမ်းပေါ့။ဒီလမ်းတွေကို ကျွန်တော်တို့ နိုင်လွန်ကတ္တရာ ခင်းဖို့အတွက် တွက်ချက်မှုတွေ ဆောင်ရွက်နေပါတယ်။

    မေး။ ။ မြို့ဝင်ကြေးကောက်တာ တစ်မြို့နဲ့တစ်မြို့မတူဘူးလို့လည်း ပြောနေကြတာတွေရှိတယ်။ ဥပမာ ယာဉ်ငယ်တစ်စီးကို ၂၀ဝ ကျပ်ကောက်တယ်ဆိုပေမယ့် သထုံဘက်မှာ ၃၀ဝ ကောက်တာတွေရှိတယ်လို့ ပြောနေတာတွေရှိပါတယ်ဆရာ။
    ဖြေ။ ။မွန်ပြည်နယ် (၁၀) မြို့နယ်အပြင် လမိုင်းမြို့အပါအဝင် အားလုံးဟာ တပြေးညီပါပဲ။ယာဉ်သေး ၂၀ဝ ကျပ်၊ ယာဉ်လတ် ၃၀ဝ ကျပ်နဲ့ ယာဉ်ကြီးကို ၅၀ဝ ကျပ် ဒီထက်ပိုပြီး မကောက်ပါဘူး။

    မေး။ ။ ဆရာတို့ မြို့ဝင်ကြေးတွေကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးမယ်လို့လည်း သိရတယ်။ အခုရွှေသံလွင်ကလည်း ကောက်နေတာတွေလည်း ရှိတော့ လမ်းတွေ ပျက်စီးတဲ့အခါ ဘယ်သူက တာဝန်ယူပြုပြင်လဲ။
    ဖြေ။ ။ကျွန်တော်တို့က မြို့ဝင်ကြေးအနေနဲ့ ကောက်တာ။သူတို့ကတော့ သူတို့ရဲ့ လမ်းတွေ၊ တံတားတွေခင်းပေးထားတဲ့အတွက်ကြောင့် လမ်းတံတား အသုံးပြုခကောက်တာ။သူတို့ စံနှုန်းတွေနဲ့ မိုင်နှုန်းတွေနဲ့ စနစ်တကျ စီမံပြီးတော့မှ ကောက်တာတွေ ရှိပါတယ်။ လမ်းအသုံးပြုခကိုကောက်တာကျတော့ လမ်းဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ ဒီလမ်းပိုင်း တစ်လမ်းလုံးရဲ့ တာဝန်ကတော့ အေကေ ကုမ္ပဏီမှာပဲ ရှိပါတယ်။ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လက်ရှိဆောင်ရွက်နေတဲ့ နေရာလေးတွေမှာ ပျက်စီးမှုတွေရှိရင်တော့ သက်ဆိုင်ရာကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

    မေး။ ။နောက်တစ်ခုသိချင်တာက သံလွင်ဈေးက ငါးဒိုင်တွေကို ကျောက်တန်းဘက်ကို မပြောင်းရွှေ့ဖြစ်တော့ဘူးလို့ သိရတယ်။ ဘာတွေ အခက်ခဲရှိလို့ပါလဲဆရာ။
    ဖြေ။ ။ငါးဒိုင်တွေက ထွက်တဲ့အနံ့အသက်တွေက ပတ်ဝန်းကျင်ကို စိတ်ညစ်စရာဖြစ်စေတယ်။ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတော့ ဒါကို ကျွန်တော်တို့က ပထမဦးဆုံး လျာထားခဲ့တာက ကျောက်တန်းစက်ရုံရဲ့ မြေအလွတ်မှာပြောင်းရွှေ့ဖို့ လျာထားခဲ့ပါတယ်။ လက်ရှိဒီမြေကို သွားပြီး စိစစ်လိုက်တဲ့အခါ မြေယာပိုင်ဆိုင်မှု အခက်ခဲလေးတွေရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့က မူလလျာထားချက်ပြန်ပြင်ပြီး သံလွင်ဈေးမှာပဲ အဆင့်မြင့်တဲ့ ငါးဒိုင်တစ်ခု၊ ရေဆိုးရေညစ်တွေကို စီးဆင်းအောင် သံလွင်ဈေးအဆင့်မြှင့်တင်ခြင်း(ငါးဒိုင်) ဆိုပြီး သေချာဆောင်ရွက်ဖို့ရှိပါတယ်။ဒီအစီအမံအောင်မြင်ရင်တော့ ၂၀၁၇ ဘတ်ဂျက်ရဲ့ မတ်လ(၃၁) ရက်အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။

    မေး။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း ဒီငါးဒိုင်တွေကို ကွင်းဆင်းစစ်ဆေးတာတွေရှိတော့ ဘာတွေများ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာများ ရှိမလဲဆရာ။
    ဖြေ။ ။မှန်ပါတယ်။ ၉ လပိုင်း ၂၅ ရက်နေ့က ဝန်ကြီးချုပ်ကိ်ုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီးတော့မှ အစီအမံတွေ လုပ်ထားခဲ့တာတွေ ရှိပါတယ်။လျာထားတဲ့ငွေပေါ်မှာမူတည်ပြီး သံလွင်ဈေးကို အဆင့်မြှင့်တင်ဖို့ပါ။

    မေး။ ။မူလနေရာမှာပဲ ငါးဒိုင်တွေကို ရောင်းခွင့်ပြုမယ်ဆိုပေမယ့် အရင်အတိုင်းငါးညှီနံ့တွေကြောင့် ပြည်သူလူထု တိုင်ကြားလာရင်တော့ ကျောက်တန်းဘက် ပြောင်းရမယ်လို့ လွှတ်တော်ကိ်ုယ်စားလှယ်တစ်ဦးက သတိပေးထားတာရှိတော့ ဘယ်လိုဆောင်ရွက်ဖို့ ရှိမလဲဆရာ။
    ဖြေ။ ။နေရာအခက်ခဲရှိနေရင် ပြောင်းဖို့တော့အခက်ခဲရှိပါတယ်။အနံ့အသက်က အဓိက အရေးအကြီးဆုံးဖြစ်နေတော့ အနံ့မထွက်အောင် စီမံဆောင်ရွက်ရမှာပါ။ဈေးထဲမှာ ငါးကို ရေလှိုင်လှိ်ုင်သုံးပြီးတော့ ဆေးကြောတာတို့၊သန့်ရှင်းရေးလုပ်ပြီး စနစ်တကျဆောင်ရွက်တာတို့ပေါ့။ ရန်ကုန်လို မြို့ကြီးတွေမှာတောင် ဗဟိုစံပြ ငါးဈေးတွေ ရှိနေတာပါပဲ။အဓိကကတော့ လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေရယ်၊ ကြီးကြပ်တဲ့သူတွေရယ်၊ စနစ်တကျနဲ့ဆောင်ရွက်ရင်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်။

    မေး။ ။သူတို့က စည်ပင်ချမှတ်ထားတဲ့ စည်းကမ်းလိုက်နာမှု မရှိရင် ဘယ်လိုတွေ အရေးယူဖို့ရှိလဲ။
    ဖြေ။ ။ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း မလိုက်နာနိုင်ရင်တော့ သူ့ကို ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်တာတို့၊ ဘယ်နှရက် ပိတ်မယ်တို့၊ ဘယ်နှစ်ပတ်ပိတ်မယ်တို့ပေါ့။ သူတို့ စည်းကမ်းနဲ့လိုက်နာနိုင်အောင် ကိုယ့်ဘက်က စီမံခန့်ခွဲမှုနည်းလမ်းနဲ့ ဆောင်ရွက်ပေးရမှာပေါ့။

    မေး။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးပါဆရာ။
    ဖြေ။ ။ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

    မှတ်ချက်။ ။ ၂၀၁၇ ခုနှစ် ဇွန်လ ဒုတိယအပတ်ကနေ သြဂုတ်လကုန်အထိ စာရင်းများအရ သထုံမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၈၉၃.ဝ၉ နဲ့ အများဆုံးကောက်ခံရရှိပြီး ဘီးလင်းမြို့နယ်မှာ သိန်း ၆၄၉.၉၇ ကျပ် ၊ မုဒုံမြို့နယ်မှာ သိန်း ၆၂၄.၅၇ ကျပ်၊ ကျိုက်ထိုမြို့နယ်မှာ သိန်း ၅၃၅.၆၆ ကျပ် ၊မော်လမြိုင်မြို့နယ်မှာ သိန်း ၅၀၆.၃၁ ကျပ် ၊ ပေါင်မြို့နယ်မှာ သိန်း ၁၈၂.၃၃ ကျပ်၊ သံဖြူဇရပ်မြို့နယ်မှာ သိန်း ၁၅၆.၁၅ ကျပ် ၊ ရေးမြို့နယ်မှာ သိန်း ၁၂၈.၇၃ ကျပ်၊ ချောင်းဆုံမြို့နယ်မှာ သိန်း ၄၉.၆၆ ကျပ် အထိ ရရှိခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ သိန်း၂၂.၅၆ ကျပ်နဲ့ အနည်းဆုံးရရှိခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts