Homeသတင်းသထုံနှင့်ဘီးလင်းမှာ မွန်ပြည်နယ်မြို့ဝင်ကြေးအများဆုံးကောက်ခံရရှိ

သထုံနှင့်ဘီးလင်းမှာ မွန်ပြည်နယ်မြို့ဝင်ကြေးအများဆုံးကောက်ခံရရှိ

-

မွန်ပြည်နယ်မှာ မြို့ဝင်ကြေးများကို စည်ပင်သာယာရေးအဖွဲ့က ဇွန်လမှ စတင်ပြီး တိုက်ရိုက်ကောက်ခံခဲ့ပြီး ဇွန်လ ဒုတိယအပတ်မှ သြဂုတ်လကုန်အထိ သုံးလအတွင်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှာ အများဆုံးကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိသည်။

သုံးလအတွင်း မြို့ဝင်ကြေး ငွေကျပ် ၃၇၄၉ ဒသမ ဝ၃ သိန်းရရှိခဲ့ပြီး သထုံမြို့နယ်မှာ ငွေကျပ်သိန်း ၈၉၃ ဒသမ ဝ၉ ဖြင့် အများဆုံးဖြစ်ပြီး ဘီးလင်းမြို့နယ်က ငွေကျပ်သိန်း ၆၄၉ ဒသမ ၉၇ ဖြင့် ဒုတိယအများဆုံး ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

မြို့ဝင်ကြေးဂိတ်(MNA)
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “မြို့ဝင်ကြေးကောက်ခံရငွေတွေကို ကျွန်တော်တို့ လမ်းတွေခင်းတယ်။ ရေပေးဝေရေးတို့ သန့်ရှင်းရေးကိစ္စတို့ စသဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုပါတယ်။လာမယ့် ပွင့်လင်းရာသီဆိုရင် သမိန်ဗရမ်းလမ်း၊ သာသနာ့ဗိမာန်လမ်းနဲ့ အာမခံတြိဂံကနေ ပတ္တမြားကုန်းဆင်းတောင်ဝိုင်းလမ်းတွေကို နိုင်လွန်ကတ္တရာခင်းဖို့ စီစဉ်နေပါတယ်။”ဟု ပြောကြားသည်။

မြို့ဝင်ကြေးကောက်ခံမှုကို ယခင်က ရွှေသံလွင် နှင့် အေးကို ကုမ္ပဏီတို့ကို လေလံစနစ်ဖြင့် ပေးခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်ကုန်ပါက ငွေကျပ် ၅၉၉ သန်း ရရှိမှာဖြစ်ပြီး ယခုအခါ စည်ပင်က တိုက်ရိုက်ကောက်ခံခဲ့ရာ ဘတ်ဂျက်နှစ်အကုန်တွင် သန်း ၉၀ဝ နှင့် ၁၀ဝ၀ ခန့်ရရှိလိမ့်မည်ဟု ဦးမြင့်အောင်က ပြောကြားသည်။

လက်ရှိ ၃ လအတွင်း မြို့ဝင်ကြေး ကောက်ခံမှု စာရင်းများအရ သထုံနှင့် မော်လမြိုင်မှာ အများဆုံးရရှိခဲ့ပြီး မုဒုံမြို့နယ်တွင် ငွေကျပ် ၆၂၄ ဒသမ ၅၇ သိန်း၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၅၃၅ ဒသမ ၆၆ သိန်း၊ မော်လမြိုင်မြို့နယ်တွင် ငွေကျပ် ၅၀၆ ဒသမ ၃၁ သိန်း၊ ပေါင်မြို့နယ်တွင် ငွေကျပ် ၁၈၂ ဒသမ ၃၃ သိန်း၊ သံဖြူဇရပ်မြို့နယ်တွင် ငွေကျပ ၁၅၆ ဒသမ ၁၅ သိန်း၊ ရေးမြို့နယ်တွင် ငွေကျပ် ၁၂၈ ဒသမ ၇၃ သိန်း ၊ချောင်းဆုံမြို့နယ်မှာ ငွေကျပ် ၄၉ ဒသမ ၆၆ သိန်းနှင့် ကျိုက်မရောမြို့နယ်မှာငွေကျပ် ၂၂ ဒသမ ၅၆ သိန်း ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ရခိုင်ပြည်နယ်မှာ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဆိုကာ ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်(၁၀/၂၀၁၇)အရ မြို့ဝင်ကြေးကောက်ခံသည့် လိုင်စင်များကို ဇွန်လ(၁) ရက်နေ့မှ စတင်ဖျက်သိမ်းခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြို့ဝင်ကြေးလိုင်စင်စုစုပေါင်း ၁၉ ခုတွင် လေလံကြေးမှာ ကျပ်သိန်းပေါင်း ၉၄၂ ဒသမ ၇၀ ဖြစ်ပြီး ယင်းသို့ မြို့ဝင်ကြေးကောက်ခံခြင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ထည့်သွင်းဆောင်ရွက်ခြင်း မပြုသင့်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေးကောက်ခံခြင်းကို ဖျက်သိမ်းပေးရန် မေလ (၂) ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရမှ လိုင်စင်ကြေးများကို ပေးချေကာ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကုန်ဈေးနှုန်းများ မြင့်တက်စေသည့်အကြောင်းအရာများအနက် မြို့ဝင်ဂိတ်ကြေးများ ကောက်ခံခြင်းလည်းပါဝင်နေသည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts