Homeသတင်းရေးမြို့နယ်ပင်လယ်ပြင်အတွင်း ရေလုပ်သားတစ်ဦးသံပိုက်ဖြင့်အရိုက်ခံ ရေထဲပြုတ်ကျခဲ့

ရေးမြို့နယ်ပင်လယ်ပြင်အတွင်း ရေလုပ်သားတစ်ဦးသံပိုက်ဖြင့်အရိုက်ခံ ရေထဲပြုတ်ကျခဲ့

-

မွန်ပြည်နယ်၊ ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင်အတွင်း အစင်ကျေးရွာ စိန်ပိုက်ငါးဖမ်းလှေရေလုပ်သားတစ်ဦး သံပိုက်ဖြင့်အရိုက်ခံရသဖြင့် ရေထဲပြုတ်ကျသည့်တစ်လခန့်ကြာဖြစ်စဉ်အား စက်တင်ဘာလ၂၀ ရက်နေ့တွင် အမှုတိုင်ကြားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

ရေးမြို့နယ် ဝါးကျွန်းအနောက်မြောက်၊ ရေမိုင် (ဝ.၅)မိုင်ခန့်အကွာတွင် သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက လှေလုပ်သား ကျော်ဦး နှင့် စက်လှေထမင်းချက် စိုင်းမျိုးရွှေ(ခ)စောမင်းနောင်တို့ စကားများရန်ဖြစ်ကြရာ စိုင်းမျိုးရွှေမှ သံပိုက်လုံးဖြင့်ရိုက်သဖြင့် ကျော်ဦး ရေထဲပြုတ်ကျခဲ့သည့်ဖြစ်စဉ်ကို ရေလုပ်သား သိန်းစိုးနိုင် တွေ့မြင်ခဲ့သည်ဟု ဆိုသည်။

ရေးမြို့နယ်မှ ငါးဖမ်းစက်လှေများ(MNA)
အဆိုပါဖြစ်စဉ်ကို သိန်းစိုးနိုင်မှ လှေပဲ့နင်း ထွန်းထွန်းအား စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြောပြသဖြင့် ငါးဖမ်းစက်လှေထမင်းချက် စိုင်းမျိုးရွှေအား ဥပဒေအရအရေးယူပေးရန် ရေးမြို့မရဲစခန်းသို့ အမှုတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့မရဲစခန်းမှ စိုင်းမျိုးရွှေ(ခ)စောမင်းနောင်အား မမစ(ရေး) (ပ) ၂၃၃/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ-၃၀၇/၅၀၆ အရ အမှုဖွင့်လှစ်ထားပြီး သက်သေခံပစ္စည်းရရှိရေးနှင့် ရေထဲပြုတ်ကျခဲ့သူ ကျော်ဦးအား ပြန်လည်တွေ့ရှိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ အစင်ကျေးရွာအုပ်စု၊ ဓမင်းကုန်းရပ်ကွက်ရှိ ရေလုပ်ငန်းရှင် ဒေါ်မီးငယ် ငါးဖမ်းစက်လှေတွင် စက်တင်ဘာလ ၅ ရက်နေ့က စက်ဆရာနှင့် လှေလုပ်သားများ အလုပ်လုပ်နေကြစဉ် ပိုက်ဖာသည့်ကိစ္စဖြင့်စကားများကြပြီး ထွန်းအေးမှ မောင်စိုး၏ဦးခေါင်းကို ဆိတ်ဂျိုတူဖြင့်ရိုက်သောကြောင့် ရေထဲပြုတ်ကျသေဆုံးသွားပြီးနောက် အလောင်းအားပြန်လည်ရှာဖွေတွေ့ရှိခဲ့ရာ ရေးမြို့မ ရဲစခန်းမှ တရားခံအား ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်သည်။

ရေးမြို့နယ်၌ ၂၀၁၆ ခုနှစ်အတွင်း သေမှုသေခင်းနှင့် လူသတ်မှုပေါင်း ၆၉ မှုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းဖြစ်စဉ် ၅၈ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့် သေမှုသေခင်းဖြစ်စဉ်ပေါင်း ၄၅ ခု၊ လူသတ်မှုဖြစ်စဉ် ၁၁ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ပေါင်း ၆ ခုပါဝင်ကြောင်း၊ ယခုနှစ်စက်တင်ဘာလအထိ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်သော သေမှုသေခင်းနှင့် လူသတ်မှုပေါင်း ၄၀ ဖြစ်ပွားခဲ့သည်ဟု ရေးမြို့မ ရဲစခန်းမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts