spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရှိ မြို့နယ်အားလုံး မွေးမြူးရေးဇုန်ထူထောင်ပေးနိုင်ရန် မြေနေရာရှာဖွေလျက်ရှိ

    မွန်ပြည်နယ်ရှိ မြို့နယ်အားလုံး မွေးမြူးရေးဇုန်ထူထောင်ပေးနိုင်ရန် မြေနေရာရှာဖွေလျက်ရှိ

    -

    မွန်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးတွင် မွေးမြူရေးဇုန် ထူထောင်ပေးနိုင်ရန်အတွက် အစိုးရအဖွဲ့မှ မြေနေရာများ ရှာဖွေလျက်ရှိကြောင်း စက်တင်ဘာ (၂၀) ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးနောက်ဆုံးနေ့တွင် ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းခြင်းအပေါ် အစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရသည်။

    မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မုဒုံမြို့နယ်တွင် မွေးမြူရေးဇုန် ထူထောင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းထားခြင်းအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

    ကြက်မွေးမြူရေးခြံ(Internet)
    မုဒုံမြို့နယ်အတွင်း စီးပွားဖြစ်မွေးမြူကြသည့် ကြက်၊ ဝက်၊ ဘဲ များကို ပတ်ဝန်းကျင်းမှ တိုင်ကြားခြင်းနှင့် ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် လူနေအိမ်နှင့် ဝေးကွာသော ဥယျာဉ်ခြံများဝယ်ယူပြီး တနိုင်တပိုင် မွေးမြူသူများ မိမိ၏ အိမ်ခြံဘေးအတွင်း မွေးမြူသဖြင့် တိရိစ္ဆာန်များအတွက် ဇီဝလုံခြုံရေးနိမ့်ကျပြီး မွေးမြူရေးလုပ်ငန်းများထိုက် သင့်သည့် အောင်မြင်မှုမရရှိသည့်အတွက် သီးခြားမွေးမြူရေးဇုန် ထူထောင်သင့်ကြောင်း ဦးထွန်းဌေးက ပြောသည်။

    “လက်ရှိအခြေအနေမှာ မွေးမြူရေးဇုန် ထူထောင်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ မုဒုံမြို့နယ်အပါအဝင် ကျန်မြို့နယ်တွေအားလုံးမှာ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဆက်စပ်ဌာနတွေ ပူးပေါင်းပြီးတော့ မြေနေရာတွေ ရှာဖွေနေတယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ အနဖြင့် မွေးမြူရေးဇုန်ထူထောင်ရန် မြေနေရာကို အနည်းဆုံး (၇) ဧကမှ (၁၀) ဧက အထိရှိအောင် ရှာဖွေနေပြီး ထိုသို့ ရှာဖွေရာတွင် အချို့သော မြို့နယ်များတွင် မြေနေရာရရှိရန် ခက်ခဲနေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ဒေါက်တာအေးဇံက “အခုလက်ရှိမြေနေရာရထား တဲ့မြို့နယ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံ (၃) မြို့နယ်ရှိတယ်။ လောလောဆယ်တော့ ရေး၊သံဖြူဇရပ်၊ မုဒုံ (၃) မြို့နယ်မှာ ချဲ့ဖို့ မြေနေရာရှာလို့ မရဘူး။ မြေနေရာရှာလို့ရတဲ့မြို့နယ်မှာ အရင်ထူထောင်မယ်” ဟု ပြောသည်။

    ကျန်ရှိသည့် မြို့နယ်များတွင်လည်း မြေနေရာ ရရှိပြီးသည့်နှင့် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ ရှာဖွေရရှိနေသော မြေသည် အစိုးရပိုင်မြေ ဖြစ်လျှင် မွေးမြူသူများက မြေနေရာ ငှားရမ်းရမည်ဖြစ်ပြီး အစိုးရဘတ်ဂျတ်ဖြင့် ဝယ်ယူရသည့် မြေဖြစ်လျှင် ပြန်ရောင်းမည်ဖြစ်ကြောင်း၊ ထိုမွေးမြူးရေးဇုန်အကောင်အထည်ပေါ်လာသည့်အခါ အိမ်တွင်းစီးပွားဖြစ် မွေးမြူသူများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပေါ် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂၀ ရက်က နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပြီး မေးခွန်းပေါင်း (၄၃) ခုကို မေးမြန်းခြင်း၊ ဖြေကြားခြင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းဆိုင်ရာ လျာထားချက်များကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    ထို့အပြင် MCL မှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၀) မဂ္ဂါဝပ် (၂) လုံးအား စက်ရုံတည်ဆောက်ရန် ခွင့်ပြုမိန့် ရယူထားခြင်းမရှိသည့်အတွက် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုနှင့် ရော်ဘာ ရုံများကို မိဘပြည်သူများကင်းလွှတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရက်ကွပ်ပြည်သူများနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ ပေးပါရန် တိုက်တွန်းကြောင်း အဆို (၂) ခုတို့အား အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts