Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးMCL ကုမ္မဏီအရေးယူရေးအဆို မွန်ဝန်ကြီးချုပ်ကန့်ကွက်သော်လည်း လွှတ်တော်မဲခွဲအတည်ပြုခဲ့

MCL ကုမ္မဏီအရေးယူရေးအဆို မွန်ဝန်ကြီးချုပ်ကန့်ကွက်သော်လည်း လွှတ်တော်မဲခွဲအတည်ပြုခဲ့

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် ခွင့်ပြုချက်မရှိဘဲ ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လည်ပတ်နေခြင်းကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရေးအဆိုအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ကန့်ကွက်သော်လည်း မွန်ပြည်နယ်လွှတ်တော်က ယနေ့စက်တင်ဘာ ၆ ရက်နေ့တွင် မဲခွဲအတည်ပြုလိုက်သည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တပုံမှန်အစည်းအဝေးတွင် ၄င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၆ ဦးတို့က ထောက်ခံဆွေးနွေးကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ကန့်ကွက်သည့်အတွက် မဲခွဲဆုံးဖြတ်ကြောင်း၊ မဲပေးခွင့်ရှိသူ ၂၈ ဦးအနက် ထောက်ခံသူ ၁၇ ဦး၊ ကန့်ကွက်သူ ၇ ဦး၊ ပယ်မဲ ၄ မဲဖြင့် လွှတ်တော်က အတည်ပြုကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်(MNA)
“အဆိုကအတည်ဖြစ်သွားပြီးဆိုတော့ ကျနော့်အနေနဲ့ MCL ကို အကြောင်းကြားလိုက်မယ်၊ ခင်ဗျားတို့ ပြည်ထောင်စုလျှပ်စစ်ဌာနကို အကြောင်းကြားလိုက်ပါ၊ ဥပဒေနဲ့အညီ အကြောင်းကြားလိုက်ပါဆိုရင် ပြီးတာပါပဲ ဘာမှအခက်အခဲမရှိဘူး” ဟု ဝန်ကြီးချုပ်က ပြောသည်။

MCL အနေဖြင့် ၄င်းတို့စက်ရုံအတွက်သာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ခွင့်ပြုမိန့်ရယူရန်မလိုအပ်ကြောင်း လေ့လာသုံးသပ်ရသည့်အတွက် အဆိုရှင်တင်ပြထားချက်သည် ကိုက်ညီမှုမရှိပါကြောင်းနှင့် ဥပဒေနှင့်ညီညွတ်သည့်အတွက်ကြောင့် အဆိုကိုကန့်ကွက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။

MCL စက်ရုံသည် ခွင့်ပြုမိန့်ရယူခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည်မှာ ပြည်ထောင်စုက ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်လျက်ရှိနေသည့်အပေါ် အရေးယူပေးရန် ယမန်နေ့ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကလည်း “မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ဥပဒေကို လိုက်နာရမယ်၊ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်လို့ အရေးယူပေးဖို့ ကျမတို့ ပြောနေတာမဟုတ်ပါဘူး၊ ခွင့်ပြုမိန့်မရှိဘဲနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတဲ့အတွက်ကြောင့် တည်ဆဲဥပဒေကို လိုက်နာခြင်းမရှိတဲ့အတွက်ကြောင့် အရေးယူပေးပါလို့ ကျမတို့ပြောနေတာပါ” ဟု ဆိုသည်။

အဆိုပါ MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးသုံး လောင်စာဖြင့် စက်ရုံကိုယခုနှစ် ဧပြီလ ၁ ရက်နေ့မှ စီးပွားဖြစ် စတင်လည်ပတ်ခဲ့သည်ခြင်း ဖြစ်သည်။

၄င်းစက်ရုံ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ပတ်သက်ပြီး၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ အကျုံးဝင်သည့် ၂၀ မဂ္ဂါဝပ် စက်တစ်လုံး၏ တစ်နှစ်သက်တမ်းရှိ ယာယီလိုင်စင်ကို မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန၏ ခွင့်ပြုမိန့်ရရှိထားခဲ့သည်ဟု ကုမ္ပဏီ Executive officer ဦးဇော်လွင်ဦးက ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စီမံကိန်းလူထုတွေ့ဆုံပွဲ ပြောကြားခဲ့သည်။

ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ဓာတ်အား ၄၉ မဂ္ဂါဝပ် လိုအပ်ပြီး ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ ၄၀ မဂ္ဂါဝပ်ကို လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator မှ ၉ မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသုံးစွဲသွားမည်ဟု စက်ရုံ၏စီမံကိန်းအစီရင်ခံစာတွင် ပါရှိသည်။

၂၀၃၆ ခုနှစ် မတ်လအထိ နှစ်ပေါင်း၂၅ နှစ်ကြာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ငန်းစာချုပ်ချုပ်ဆိုထားသည့်မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီးမြှပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam CementGroup) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts