spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် လျှပ်စစ်စီမံကိန်းမြေနေရာမှ အလင်းဝင်အဖွဲ့များဖယ်ရှားပေးရန် သက်ဆိုင်ရာသို့တင်ပြ

    ရေးမြို့နယ် လျှပ်စစ်စီမံကိန်းမြေနေရာမှ အလင်းဝင်အဖွဲ့များဖယ်ရှားပေးရန် သက်ဆိုင်ရာသို့တင်ပြ

    -

    ရေးမြို့နယ်၊ အဘော်ကျေးရွာအနီးရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပိုင် မြေနေရာတွင် နေထိုင်လျက်ရှိသော နိုင်လွေးဦးစီးသည့် လွတ်လပ်သောမွန်အမျိုးသားပြန်လည်ထူထောင်ရေးအဖွဲ့အား ဖယ်ရှားပေးရန် သက်ဆိုင်ရာ ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ စက်တင်ဘာလ ၄ ရက်နေ့က တင်ပြထားကြောင်း သိရသည်။

    ရေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနေမျိုးအောင်က ” စီမံကိန်းမြေနေရာ အတွက် မြေစာရင်းမြေပုံ (၁၀၅) (၁၀၆) ရရှိထားပါတယ်၊ လာမယ့်ဘတ်ဂျက်မှာ အဲဒီနေရာကို ၂၃၀ ကေဗွီဓာတ်အားခွဲရုံအတွက် ခြံစည်းရိုးကာရံဖို့ တင်ပြတောင်းခံထားပါတယ်၊ အဲဒီအတွက် ဝင်ရောက်နေထိုင်တဲ့ အလင်းဝင်အဖွဲ့တွေရဲ့အိမ်တွေကို ဖယ်ရှားပေးဖို့အတွက် တင်ပြခဲ့တာပါ” ဟု ပြောသည်။

    နိုင်လွှေးဦးစီးသောအလင်းဝင်အဖွဲ့များနေထိုင်လျက်ရှိသော အဆောက်အဦများ(နိုင်သက်-ရေး)
    အဆိုပါဓာတ်အားခွဲရုံစီမံကိန်းအတွက် မြေဧရိယာအကျယ်အဝန်း ၆၃ ဒဿမ ၅ ဧက လျာထားသတ်မှတ်ခဲ့ရာ တောင်သူများကျူးကျော်စိုက်ပျိုးထားသောရာဘာပင်များအတွက် သီးနှံလျော်ကြေးငွေကျပ်သိန်းရှစ်ရာနီးပါး ၂၀၁၄ ခုနှစ်တွင် ပေးချေခဲ့ပြီးဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

    ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက စကခ(၁၉) တွင် လက်နက်ချအလင်းဝင်ရောက်ခဲ့သည့် အင်အား ၂၀ ဦးရှိ နိုင်လွေးဦးစီးသော လွတ်လပ်သောမွန်အမျိုးသားပြန်လည်ထူထောင်ရေးအဖွဲ့အား တပ်မတော်မှ ၄င်းမြေနေရာတွင် နေရာချထားပေးခဲ့သည်ဟု သိရသည်။

    ” အခက်အခဲတွေအများကြီးကြားက အလင်းဝင်ရောက်ခဲ့ရတယ်၊ ကျွန်တော်အပါအဝင် အဖွဲ့ဝင်တွေရဲ့ နေစရာ လုပ်ကိုင်စားသောက်ဖို့ခက်ခဲနေတဲ့ အနေအထားလည်း ဖြစ်နေတယ်၊ ဒီမှာနေရာတာလဲအေးချမ်းတယ်၊ ဒါကို သက်ဆိုင်ရာလူကြီးတွေက စဉ်းစားပေးစေချင်ပါတယ်၊ ဒီမှာပဲ အတည်တကျနေချင်တယ်၊ ထပ်ပြီးတော့လည်း မပြောင်းချင်တော့ဘူး၊ အခြေတကျနေထိုင်ဖို့ အကုန်အကျခံ ဆောက်ထားပြီးပြီလေ၊ ခုလည်း တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တရားဥပဒေစိုးမိုးရေးကို ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု အသက် ၇၁ နှစ်အရွယ်ရှိ နိုင်လွေးက ဆိုသည်။

    သို့ရာတွင် ၄င်းတို့ လက်နက်ချအလင်းဝင်ရောက်စဉ် လက်ခံခဲ့သည့်အဖွဲ့များနှင့် ပေးခဲ့သည့်ကတိများကို မသိရှိရသော်လည်း လက်ရှိအချိန်တွင် ၄င်းတို့အတွက် နေထိုင်ရာနေရာချထားပေးသင့်သည်ဟု မြင်မိကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် DDR လုပ်ငန်းစဉ်အရ လက်နက်ဖြုတ်သိမ်းပြီးနောက် အင်အားလျှော့ချခြင်း၊ ရပ်တည်နေထိုင်နိုင်ရေးအတွက် နေရာထိုင်ခင်းနှင့် ရေရှည်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ စီစဉ်ပေးခြင်းအပါအဝင် လူထုနှင့် ပြန်လည်ရင်းနှီးမှုရယူနိုင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာအရ ကူးလူးပေါင်းစပ်ပေးရန်လိုအပ်ကြောင်း ရေးမြို့နေ တပ်မတော်အငြိမ်းစားဗိုလ်မှူးတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက မှတ်ချက်ပြုသည်။

    ၄င်းက ”သူတို့တွေအတွက် စီစဉ်မပေးနိုင်ရင် လက်နက်ချအလင်းဝင်ရောက်မှုက ရေရှည်တည်တံ့ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်၊ စီမံကိန်းလုပ်ဖို့မြေနေရာအဖြစ်ရှိခဲ့သော်လည်းဘဲ တပ်မတော်နဲ့ မြို့နယ်၊ ပြည်နယ်အဆင့်တာဝန်ရှိသူများအနေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုလွဲချော်တာ၊ အားနည်းချက်တွေရှိခဲ့တာကြောင့် DDR , SSR ဖြစ်စဉ်တွေနဲ့ လွဲမှားမှာကို စိုးရိမ်မိတယ် ” ဟု ဆက်ပြောသည်။

    အစိုးရလျှပ်စစ်မီး မရောက်ရှိသေးသည့် ရေးနယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ရေးမြို့မနှင့် အဘော်ကျေးရွာပိုင်မြေလွတ်နေရာတွင် ၂၃၀ကေဗွီဓာတ်အားခွဲရုံတည်ဆောက်ရန် သတ်မှတ်လျာထားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks