Homeသတင်းမွန်ပြည်နယ်အစိုးရ ဘိလပ်မြေဖျော်စက်လုပ်ငန်း လွှတ်တော်သို့အသိပေးထားခြင်းမရှိဟုဆို

မွန်ပြည်နယ်အစိုးရ ဘိလပ်မြေဖျော်စက်လုပ်ငန်း လွှတ်တော်သို့အသိပေးထားခြင်းမရှိဟုဆို

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကမ်းနားလမ်းသစ်ပုံဆိပ်တွင် ပြည်နယ်အစိုးရ၏ ဘိလပ်မြေဖျော်စက်လုပ်ငန်းလုပ်ကိုင်မှုနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်သို့ အသိပေးထားခြင်း မရှိကြောင်း မွန်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

အဆိုပါ ဘိလပ်မြေဖျော်စက်ကို မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် Zaw Chindwin (ZCD) Company တို့ ပူးပေါင်း၍ Batching Plant (ကွန်ကရစ်ဖျော်စက်ကြီး) Service လုပ်ငန်းအား မွန်ပြည်နယ်အစိုးရကိုယ်စား ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့စွဲဖြင့် စာချုပ်ချုပ်ဆို စတင်ဆောင်ရွက်လျှက်ရှိကြောင်း ၄င်း၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။

ဘိလပ်မြေဖျော်စက်လုပ်ငန်းစာချုပ်မိတ္တူ(Min Htin Aung Han Facebook)
သို့ရာတွင် “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အန်တီတို့ကို အကြောင်းကြားထားခြင်းမရှိဘူး။ လုပ်တာ မလုပ်တာကတော့ အန်တီမှာ ဘာစာရွက်အထောက်အထားမှ မရှိတော့ အန်တီမဖြေကြားနိုင်ဘူး”ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

ဖွဲ ့စည်းပုံအခြေခံဥပဒေအရ အခန်း (၅) တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ အုပ်ချုပ်မှု အခွင့်အာဏာ ပုဒ်မ ၂၅၁ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့်မူဝါများနှင့် သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေနှင့်သော်လည်းကောင်း၊ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့ ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းသေကြီး သို့ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ကို ဖော်ပြထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ အရ ပြည်နယ်အစိုးရဟာ စီမံကိန်းတစ်ခုတည်ဆောက်မယ်ဆိုရင် ပြည်နယ်လွှတ်တော် အတည်ပြုချက်ရယူမယ် ဆိုတာ ပါရှိပေမယ့် အခုဘိလပ်မြေဖျော်စက် တည်ဆောက်တဲ့ကိစ္စကို ပြည်နယ် လွှတ်တော်ကို တရားဝင် တင်ပြထားတာ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လာမည့် လွှတ်တော်အစည်း အဝေးတွင် အစိုးရအဖွဲ ့ကို မေးခွန်းမေးမြန်းသွားမည်ဖြစ် ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဘာသာ သာသနာရေးဆိုင်ရာ အဆောက်အဦဆောက်လုပ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှလည်း အမှန်ကုန်ကျမည့် ဈေးနှုန်းများအတိုင်း (အကျိုးအမြတ်မယူ) ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမင်းထင်အောင်ဟန် Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts