ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများအား ဖမ်းဆီးနေမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သိက္ခာရှိစွာနေရပ်ပြန်နိုင်ရေး မြန်မာအစိုးရညှိနှိုင်းဆောင်ရွက်ပေးသင့်သည်ဟု မြန်မာအလုပ်သမားများအကူအညီပေးနေသူ ထိုင်းအခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ ကိုထူးချစ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“အခုလိုမျိုးဖမ်းဆီးတဲ့ကိစ္စတွေဟာ ထိုင်းနိုင်ငံမှာခဏခဏဖြစ်ပွားနေတဲ့ကိစ္စမျိုးပါ၊ ကျနော့်အနေနဲ့ပြောလိုတာက လက်မှတ်မရှိတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများတွေအတွက် ထိုင်းအစိုးနဲ့ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံကို စနစ်တကျသိက္ခာရှိရှိပြန်လို့ရအောင် မြန်မာအစိုးရအနေနဲ့ညှိနှိုင်းဆောင်ရွက်ပေးသင့်တယ်” ဟု ကိုထူးချစ်က ဆိုသည်။
ထိုင်းနိုင်ငံ၏ ပိုမိုတင်းကြပ်သည့်ဥပဒေကြောင့် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို ရဲတပ်ဖွဲနှင့်သာမက စစ်တပ်ကပါ ဖမ်းဆီးသည့်အတွက် အလုပ်သမားအများအပြား ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။
“လောလောဆယ်မဖမ်းဘူးလို့ ထိုင်းအစိုးရဌာနဆိုင်ရာတွေကို အကြောင်းကြားထားတယ်လို့ ဆိုတယ်၊ ဒါပေမယ့် တစ်ချို့နယ်မြေက ရဲတပ်ဖွဲ့တွေ ချောင်ဂျို ချောင်ကြားဖမ်းဆီးနေတာရှိသေးတယ်လို့ သတင်းရနေတယ်၊ မဲဆောက်ဘက်မှာတော့ ဖမ်းပြီးတာနဲ့ တဖက်ကမ်းမြဝတီကို ပြန်ပို့တယ်လို့သိရတယ်၊ ဒါပေမယ့် မနေ့က ဖူးကက်မှာအဖမ်းခံထားရသူတွေ ဒီနေ့ ရနောင်းလဝက အချုပ်ခန်းထဲရောက်နေတယ်၊ အဲဒီလူတွေ အကူအညီပေးနိုင်ဖို့ ကျနော်တို့အဖွဲ့ ရနောင်းကို ရောက်နေတယ်” ဟု မြန်မာအလုပ်သမားများအကူအညီပေးနေသူ ထိုင်းအခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ ကိုထူးချစ်က ပြောသည်။
မဲဆောက်-မြဝတီလမ်းနှင့် ရနောင်း-ကော့သောင်းနယ်စပ်လမ်းများမှ ထောင်နှင့်ချီသော မြန်မာအလုပ်သမားများ အစုလိုက်အပြုံလိုက်မြန်မာနိုင်ငံသို့ပြန်လာလျက်ရှိရာ ဇွန်လ ၂၉ ရက်တွင် ၃,ဝဝဝ ကျော်၊ ဇွန်လ ၃၀ ရက်နေ့တွင် ၃,၆၀ဝ ကျော် နေရပ်ပြန်လာသဖြင့် နေရပ်ဇာတိမြေသို့ချောမောစွာရောက်ရှိစေရေးအတွက် မြန်မာနိုင်ငံဘက်မှ ဒေသခံအာဏာပိုင် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများနှင့် မြို့မိမြိုဖများမှ နွေးထွေးစွာကြိုဆိုခဲ့ကြသည်ဟုလည်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံအလုပ်သမားများအရေးနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ ဂျတ်ခ်ဘွန်လုံ H.E Mr.Jukr Boon-Long နှင့် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံး လူမှုကွန်ယက်သတင်းမျက်နှာတွင် ဖော်ပြထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ‘‘နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနဲ့ သံအမတ်ကြီးတို့ သီးသန့်ထပ်မံတွေ့ဆုံပြီး ထိုင်းရောက် မြန်မာလုပ်သားများအရေး ဆွေးနွေးခဲ့ပါတယ်၊ ထိုင်းအစိုးရအနေနဲ့ ဒီလိုမျိုးစပ်ကူးမတ်ကူးပေါ့နော်။ စည်းမျဉ်းတွေပြောင်းတဲ့အခါမှာ နားလည်မှုပေးပြီးတော့ အချိန်အတိုင်းအတာတစ်ခုအထိ ပေးဖို့ပေါ့။ နှစ်နိုင်ငံချစ်ကြည်ရေး ထောက်ရှုပြီးတော့ နားလည်မှုရှိရှိ ဆောင် ရွက်ပေးဖို့လည်း ကျွန်တော်တို့က မေတ္တာရပ်ခံတာပေါ့။ ထိုင်းနိုင်ငံက သူတို့လည်း ဒီအခြေအနေကို နားလည်တယ်။ အလေးအနက် ထားပါတယ်။ သူတို့အစိုးရကိုလည်း ပြန်လည်တင်ပြဆောင် ရွက်ပေးပါမယ်လို့ ပြောပါတယ်’’ ဟု ဆိုသည်။
အလားတူ ထိုင်းနိုင်ငံရောက် တရားမဝင်လုပ်သားများနှင့်ပတ်သက်၍ အသစ်ထုတ်ပြန်ထားသည့် နည်းဥပဒေကို ရက်ပေါင်း ၁၂၀ ယာယီဆိုင်းငံ့ထားရန်နှင့် ထိုရက်များအတွင်း ဖမ်းဆီးမှုများမပြုလုပ်ရန် သဘောတူညီမှုရရှိထားကြောင်း ဇွန်လ ၃၀ ရက်က ရန်ကုန် မြို့၌ပြုလုပ်သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများအစည်းအဝေးမှ သဘောတူညီမှုရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
ထို့အတူ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမား ဥပဒေအသစ်နှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများ ဇွန်လ ၂၉ ရက်နေ့ အစည်းအဝေးအပြီးတွင် “ပန်းရောင်ဘတ်ကိုင်ဆောင်ထားသော အလုပ်ရှင်မတူသည့် ရွှေ့ပြောင်းအလုပ်သမားများကိုဖမ်းဆီးမည်မဟုတ်ဘဲ လက်ရှိမိမိလုပ်ကိုင်နေသည့် အလုပ်ရှင်အောက်သို ့အမြန်ပြောင်းရွှေ့ကြရန်။ ယာယီနိုင်ငံကူးလက်မှတ် (အနီရောင်) သို့မဟုတ် MoU နိုင်ငံကူးလက်မှတ် (ခရမ်းရောင်) ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်ခွင့် Workpermit မရှိသူ အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကိုလည်း ဖမ်းဆီးဦးမည်မဟုတ်ဘဲ သတ်မှတ်ကာလတစ်ခုအတွင်း မိမိအလုပ်ရှင်၊ လုပ်ငန်းအမျိုးအစားတူ အလုပ်လုပ်ကိုင်ခွင့် အမြန်ဆုံးလက်မှတ်လုပ်ကြရန် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။
ဇွန်လ ၂ဝ ရက်နေ့တွင် ထိုင်းအစိုးရထုတ်ပြန်လိုက်သည့် နည်းဥပဒေသစ်အရ အထောက်အထားခိုင်လုံသော်လည်း စစ်ဆေးသည့်အခါတပါတည်းမပြသနိုင်ပါက ဘတ်ငွေတစ်သောင်း၊ အလုပ်ရှင်(သို့မဟုတ်) အလုပ်နေရာလွဲမှားနေပါက ဘတ်တစ်သိန်း၊ အခြားအလုပ်ရှင်၏ Work Permit ဖြင့် အလုပ်သမားလက်ခံထားပါက ဘတ်ငွေ ၄ သိန်းမှ ၈ သိန်း စသည့်ဒဏ်ကြေးငွေများကျခံရမည်ဖြစ်သည့်အတွက် အလုပ်ရှင်ရော အလုပ်သမားများပါ အခက်ကြုံနေရကြောင်း သိရသည်။