Homeသတင်းUNFC ဒုတိယအကြိမ်ညီလာခံကျင်းပပြီးစီး၊ နိုင်ဟံသာ ဥက္ကဌဖြစ်

UNFC ဒုတိယအကြိမ်ညီလာခံကျင်းပပြီးစီး၊ နိုင်ဟံသာ ဥက္ကဌဖြစ်

-

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ်ညီလာခံနောက်ဆုံးဇွန်လ ၂၆ ရက်နေ့တွင် ဥက္ကဌအဖြစ် “နိုင်ဟံသာ” ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ EC ၉ ဦးတွင် ၁-နိုင်ဟံသာ ဥက္ကဌ(NMSP) ၊၂-ဒေါက်တာခင်မောင်-ဒုဥက္ကဌ(ANC)၊ ၃-ခူဦးရယ် အထွေထွေအတွင်းရေးမှူး(KNPP)၊ ၄-ဗိုလ်မှူးကြီးစေးစိုင်းအွန် တွဲဖက်အတွင်းရေးမှူး(၁)(SSPP )၊ ၅-ဗိုလ်မှူးကြီး ဆော်လမွန် တွဲဖက်အတွင်းရေးမှူး(၂)(LDU)၊
၆-ဗိုလ်ချုပ် ဘီတူး(KNPP)၊ ၇-နိုင်အောင်မငေး(NMSP)၊ ၈-ဦးထွန်းဇော်(ANC )၊ ၉-ဗိုလ်မှူးကြီး မင်းထွန်း(ANC) တို့ကို UNFC ဒုတိယအကြိမ်ညီလာခံမှ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

“ည ၁၀ နာရီခွဲမှာ ညီလာခံပြီးသွားတယ်၊ ဆက်ပြီးတော့ မူလအစီအစဉ်တိုင်းပဲ ဒီနေ့(ဇွန် ၂၇) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ Coordinating Meeting ၃ ရက် ဆက်လုပ်သွားမယ်” ဟု ညီလာခံတက်ရောက်နေသူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် ဒေါက်တာနိုင်ရွှေသိန်းက ပြောသည်။

UNFC ဒုတိယအကြိမ်ညီလာခံ၌ နိုင်ဟံသာမိန့်ခွန်းပြောကြားခဲ့စဉ်(Internet)

နုတ်ထွက်စာတင်ထားသည့် ကချင် KIO, ဝအမျိုးသားအစည်းအရုံး WNO, ပလောင် TNLA, ကိုးကန့် MNDAA တို့အား ညီလာခံတွင် UNFC မှ နုတ်ထွက်ခွင့်ပြုခဲ့သော်လည်း ဆက်စပ်အဖွဲ့ဝင်များအဖြစ် ဆက်လက်တည်ရှိနေမည်ဟု သူကဆိုသည်။

သို့ရာတွင် UNFC အဖွဲ့ဝင်သစ်များအဖြစ် လျောက်ထားသည့် ကချင်အမျိုးသားအစည်းအရုံး (KNO)၊ ဇိုမီး ပြန်လည်ပေါင်းစည်းရေး အစည်းအရုံး (ZRO)၊ ကူကီး အမျိုးသား အစည်းအရုံး (KNO) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)တို့နှင့်ပတ်သက်၍ ယခုညီလာခံတွင် တစ်စုံတစ်ရာဆုံးဖြတ်ခဲ့ခြင်းမရှိဟု သိရသည်။

အလားတူ UNFC ပထမအကြိမ်ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ ၇ ရက်ကြာ ကျင်းပခဲ့ရာ အဖွဲ့ဝင် ၁၂ ဖွဲ့နှင့် ဆက်စပ်ဖွဲ့အစည်း ၅ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၉၀ ဦး တက်ရောက် ဆွေးနွေးခဲ့သည်ဟု သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

အဆိုပါ UNFC ပထမအကြိမ်ညီလာခံတွင် ဆက်စပ်အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်တပ်မတော် (AA)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA-PC တို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ် ရေးအဖွဲ့ (KIO)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (MNSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PSLF/TNLA)၊ ‘ဝ’ အမျိုသား အစည်း အရုံး (WNO) နှင့် မြန်မာနိုင်ငံ အမျိုးသား မဟာမိတ် တပ်မတော် (MNDAA ကိုးကန့်) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ ၁၂ ဖွဲ့တို့ ပါဝင်ခဲ့သည်။

လက်ရှိ UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA, ရခိုင်အမျိုးသားကောင်စီ ANC နှင့် လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့သာ ကျန်ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts