Homeသတင်းUNFC အဖွဲ့ဝင်သစ်လက်ခံလျှင် လက်ရှိဆွေးနွေးနေသော ၂၁ ဖွဲ့မှအပ ကျန်အဖွဲ့အစိုးရလက်မခံ

UNFC အဖွဲ့ဝင်သစ်လက်ခံလျှင် လက်ရှိဆွေးနွေးနေသော ၂၁ ဖွဲ့မှအပ ကျန်အဖွဲ့အစိုးရလက်မခံ

-

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် အဖွဲ့ဝင်သစ်လက်ခံလျင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော လက်ရှိတိုင်းရင်းသားလက်နက်ကိုင်၂၁ ဖွဲ့မှအပ ကျန်အဖွဲ့မဟုတ်ပါက လက်ခံမည်မဟုတ်ကြောင်းကို နိုင်ငံတော်အတိုင်ပင်ခံရုံးထံမှ သိရသည်။

“UNFC အဖွဲ့ဝင်သစ်တွေ တိုးမယ်လို့ ကျွန်တော်တို့ကြားတယ်။ တကယ်လို့ တိုးမယ်ဆိုရင်လည်း NCA ဆွေးနွေးခဲ့တဲ့ ၂၁ ဖွဲ့ရှိတယ်။ အဲ ၂၁ ဖွဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့သစ်တွေ ကျွန်တော်တို့ လက်မခံဘူး” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့(ဇွန် ၁၆ ရက်) ညနေပိုင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ဦးအောင်စိုး ဦးဆောင်သော PCအဖွဲ့အားတွေ့ရစဉ် (Min Zaw Oo Facebook)

အထက်ပါအစိုးရ၏စကားကို ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦး ဦးဆောင်သော အဖွဲ့ နှင့် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ ခူဦးရယ် ဦးဆောင်သော အဖွဲ့တို့ ထိုင်းနိုင်ငံတွင် ယနေ့ထိုင်းစံတော်ချိန် ညနေ ၃ နာရီမှ ၅နာရီအထိ တွေ့ဆုံဆွေးနွေးအပြီးတွင် ပြောကြားခြင်း ဖြစ်သည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရခြင်းမှာ UNFC အဖွဲ့ဝင်တိုးမည့်ကိစ္စနှင့် ငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN တို့ ဆွေးနွေးနေသော အချက် ၈ ချက်ကို သဘောတူညီပြီးလျင် မည်သို့ပုံစံဖြင့် လက်မှတ်ထိုးမည့်ကိစ္စများဖြစ်ကြောင်း သိရသည်။

UNFC ဒုတိယအကြိမ် ညီလာခံကို လာမည့် ဇွန် ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရပြီး အဆိုပါညီလာခံတွင် အဖွဲ့ဝင်များ တိုးခြင်း လျော့ခြင်း ရှိလာနိုင်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောကြားထားသည်။

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ တွင် ANC ရခိုင်အမျိုးသားကောင်စီ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ၊ NMSP မွန်ပြည်သစ်ပါတီ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ LDU လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ကျန်ရှိနေပြီး KIO/KIA ကချင်လွတ်မြောက်ရေးအဖွဲ့ နှင့် WNO ‘ဝ’ အမျိုးသားအဖွဲ့အစည်း တို့ နှုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် Peace Commission အဖွဲ့ဝင် ဦးအောင်စိုး ဦးဆောင်သော အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့မှ ခူးဦးရယ် ဦးဆောင်သော အဖွဲ့တို့သည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် ချင်းမိုင်မြို့ရှိ FURAMA Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လာမည့်ဇူလိုင်လအတွင်း သဘောတူညီချက်ရရှိသည်အထိ အပြီးသပ်ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းမီဒီယာများသို့ အသိပေးပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts