မြန်မာနိုင်ငံတွင် အရေးတကြီး အဖြေရှာရန် လိုအပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ ခမ်းနားကြီးကျယ်လှသည့် MICC 2 အဆောက်အဦးထဲတွင် ဒေသအသီးသီးက အရောင်အသွေးစုံ၊ အဖွဲ့အစည်းအစုံကလူတွေတဖွဲဖွဲ ရောက်ရှိလာကြသည်။
တချိန်တခါက မျက်နှာချင်းဆိုင် စကားပြောရန် ခက်ခဲလှသည့် အစုအဖွဲ့များ အချင်းချင်းအကြား တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို အစပြုသည့် ခြေလှမ်းများဟုလည်း ဆိုနိုင်သည်။
“တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံအုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာ ဖြစ်တဲ့အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၄ ရက်နေ့ ၂၁ ပင်လုံညီလာခံ ဒုတိယအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA ) တွင်ပါရှိသည့်လမ်းပြမြေပုံ ၇ ဆင့်အတိုင်း ကျင်းပမည်ဖြစ်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော အစိုးရ၊ လွှတ်တော်၊ တပ်မတော်က တစ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများမှ တစ်ဖွဲ့ သုံးပွင့်ဆိုင်စုစည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင်နှင့် ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က “အစုအဖွဲ့အလိုက်ဆွေးနွေးပွဲဆိုတာကတော့ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်က အစုအဖွဲ့တစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက အစုအဖွဲ့၊ နိုင်ငံရေးပါတီများက အစုအဖွဲ့တစ်စု- ဒီလိုနဲ့ အစုအဖွဲ့တွေအုပ်စုခွဲပြီး မိမိတို့အစုအဖွဲ့အတွင်း ကဏ္ဍ ၅ ခုစလုံးကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” လို့ ညီလာခံကျင်းပပုံနှင့် ပတ်သက်ပြီး မေလ ၂၄ ရက်နေ့ ညီလာခံဖွင့်ပွဲနေ့မှာ မီဒီယာများအား ပြောသည်။
သို့သော်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ၊ လုံခြုံရေး စသည့်ကဏ္ဍ ၅ ခုကို နှစ်ရက်ကြာဆွေးနွေးကြပြီးနောက် အစိုးရနှင့် လွှတ်တော်က အစုအဖွဲ့တစ်ခု၊ တပ်မတော်က အစုအဖွဲ့တစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက အစုအဖွဲ့၊ နိုင်ငံရေးပါတီများက အစုအဖွဲ့တစ်စု အဖြစ် အစုအဖွဲ့ ၄ ဖွဲ့ခွဲပြီး ၄ ပွင့်ဆိုင်အနေအထား ကျင်းပခဲ့တာကို တွေ့ရှိရသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် ၇ မဲဆန္ဒနယ်(ရေး ၁) မှ နိုင်သီဟက “ကျနော်က အစိုးရနဲ့ လွှတ်တော်က အစုအဖွဲ့ကိုယ်စားလှယ်မှာပါဝင်ပြီး နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးပါတယ်၊ အစုအဖွဲ့တစ်ခုထဲကနေ ဆွေးနွေးကြတယ် ဆိုပေမယ့်လည်း ဆွေးနွေးကြတဲ့အခါတွေမှာ အစိုးရကတစ်မျိုး လွှတ်တော်ကတစ်မျိုး ဖြစ်နေတာလည်းရှိပါတယ်” ဟုဆိုသည်။
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးပြည်တွင်းစစ်ဟု ခေါ်ဆိုနိုင်သည့် နှစ်ပေါင်း ၇၀ကျော် ကြာဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ယုံကြည်မှုတည်ဆောက်မှုမှာ ထင်သလောက်လွယ်ကူမှုတော့ မရှိပေ။
နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍတွေကို ဆွေးနွေးကြရာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်ကြား၊ အစိုးရနှင့် တိုင်းရင်းသားကြား တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် အခြေအတင်ဆွေးနွေးခဲ့ရပြီး တစ်ဆို့တင်းမာမှုတွေရှိကာ ညီလာခံအား တစ်ရက်ထပ်တိုးခဲ့ရသည်။
တစ်ခုတည်းသောတပ်မတော်ထားရှိရေးဆိုသည့်အချက်အား ဆွေးနွေးကြသူများအကြား လက်ခံနိုင်ကြသော်လည်း ဖက်ဒရယ်တပ်မတော်၊ ပြည်ထောင်စုတပ်မတော် စသည့် အငြင်းပွားစရာဝေါဟာရအခေါ်အဝေါ်များကြောင့် ယခု ၂၁ ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေးတွင် ဆုံးဖြတ်ချက်မချနိုင်ခဲ့ပါ။
ထို့ပြင် နိုင်ငံရေးမူဝါဒအဆိုပြုလွှာထဲက “နိုင်ငံတော်၏နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” အဆိုသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့သည့် ပင်လုံစာချုပ်ကို ဖောက်ဖျက်နေကြောင်းလည်း တိုင်းရင်းသားတွေဘက်က ပြောဆိုဝေဖန်မှုတွေရှိနေသည်။
“ကျနော်တို့မွန်အမျိုးသားပါတီအနေနဲ့ အဲဒီအချက်ကိုလုံးဝမထည့်သွင်းဖို့ တင်ပြခဲ့တယ်၊ မည်သည့်အခါမှခွဲမထွက်ရအဆိုဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လိုက်တာဖြစ်တယ်၊ တိုင်းရင်းသားတွေ လက်မခံနိုင်ဘူး” ဟု မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။
“ပြည်ထောင်စုမပြိုကွဲရေး” အချက်သည် ဒို့တာဝန်အရေးသုံးပါးတွင် ပါဝင်နေပြီးဖြစ်သည့်အတွက် “ခွဲမထွက်ရ” ဆိုသည့်အချက်ကို ထည့်သွင်းလိုက်မည်ဆိုလျှင်မူလကတည်းကဖြစ်ပေါ်နေခဲ့သည့် စိုးရိမ်မှု၊ သံသယဖြစ်မှုတွေ ပိုမိုကြီးထွားလာပြီး တိုင်းရင်းသားချစ်ကြည်သွေးစည်းညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေ၊ လက်ရှိညီလာခံအပေါ်ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေနိုင်သည်ဟုလည်း သူကထောက်ပြသည်။
တဖက်မှာလည်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးက “ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတာကို ကတိမပြုနိုင်ဘူး၊ အဲဒါဆို မေးစရာရှိတာက ခွဲထွက်ချင်လို့လားဆိုတဲ့ဟာတွေ ဖြစ်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ဒါကိုကတိကဝတ်မပြုနိုင်ဘူး၊ မပြုနိုင်တဲ့အတွက် ကျန်တဲ့ကိုယ်ပိုင်အခြေခံဥပဒေတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဒါတွေဆက်သွားလို့ မရတော့ပါဘူး” ဟု မေလ ၂၈ ရက်နေ့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“ခွဲမထွက်ဘူး” ဆိုသည့်အချက်ကို ကျန်ရှိသည့်ပြည်နယ်များ၏ အခွင့်အရေးဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အပြန်အလှန်ချိတ်ဆက်ထားသောကြောင့် နှစ်ဖက်စလုံးအလျော့အတင်းလုပ်ရမည့် အနေအထားဖြစ်နေသည်။ အဆိုပါအဓိကကျသည့်အချက်နှစ်ချက်ကို နောင်ဆက်လက်ကျင်းပမည့် ညီလာခံများတွင် ဆက်လက်ဆွေးနွေးကြရန် သဘောတူညီလိုက်ရသည်။
ယခုညီလာခံတွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များရှိရာ ဒေသ ၆ ခုတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ၇ ကြိမ်ကျင်းပပြုလုပ်ခဲ့သည့် ရလဒ်များနှင့်အတူ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က စာတမ်း ၁ စောင်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက စာတမ်း ၁ စောင်၊ နိုင်ငံရေးပါတီများက စာတမ်း ၁ စောင်တို့ကို ပေါင်းစုကာ ကဏ္ဍ ၅ ရပ်တွင် မူဝါဒ ၄၅ ချက်ကို အဆိုတင်သွင်းခဲ့ကြသည်။ အဆိုပါ ၄၅ ချက်ထဲမှ နိုင်ငံရေး ၁၂ ချက်၊ စီးပွားရေး ၁၁ ချက်၊ လူမှုရေး ၄ ချက်၊ မြေယာ ၁၀ ချက်စုစုပေါင်း မူဝါဒ သဘောတူ ( ၃၇ ) ချက်ကိုသဘောတူခဲ့ကြသည်ဟု ဆိုသော်လည်း အလွန်အရေးပါသည့်အချက်များမဟုတ်ဟု မွန်နိုင်ငံရေးပါတီတွေက ဝေဖန်ကြသည်။
အစိုးရနှင့်လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ ၃ ဖွဲ့၏ သဘောထားများအား ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သို့တင်ပြနိုင်ခဲ့သော်လည်း အချိန်လုံလောက်ခြင်းမရှိသဖြင့် နိုင်ငံရေးပါတီများ၏ သဘောထားများ စုစည်းတင်ပြမှုမပြုလုပ်နိုင်ခဲ့ပေ။
“ဒီစာတမ်းတွေမှာက နာမဝိသေသနတွေ အလွန်များနေတယ်၊ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ဝေဝါးစေတယ်၊ အခုပြောနေတဲ့ဖက်ဒရယ်ကလည်း စစ်မှန်တဲ့ဖက်ဒရယ်ရချင်မှ ရမယ်၊ စစ်မှန်တဲ့ဖက်ဒရယ်တော့ မရနိုင်ဘူး၊ လက်တွေ့အကောင်အထည်ပေါ်လာမယ့် ဖက်ဒရယ်မူဘောင်လောက်ပဲရနိုင်မယ်၊ ညှိနှိုင်းလို့ရတဲ့ရလဒ်အပေါ်မှာပဲရမယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဒုတိယဥက္ကဌ(၂) နိုင်ချမ်းတွဲ့က ဆိုသည်။
အစုအဖွဲ့အလိုက်ဆွေးနွေးခဲ့ကြရာတွင် တပ်မတော်အစုအဖွဲ့ဖြစ်စေလိုသည့်ဆန္ဒအတိုင်း ဦးဆောင်ဆွေးနွေးနေရသည်ဟု ဝေဖန်သံများထွက်ပေါ်လာပြီး ကျန်အစုအဖွဲ့များမှာလည်း အချက်အလက်များစွာကို စနစ်တကျမစုဆောင်းထားသဖြင့် ဆွေးနွေးပွဲတွင် စနစ်တကျ ပြောဆိုဆွေးနွေးနိုင်ခြင်းမရှိဘူးဟု လူမှုအခြေပြုအရပ်ဖက်အဖွဲ့အစည်း CSOs များဘက်မှ လေ့လာသူအဖြစ်တက်ရောက်သူ မင်းအောင်ထူးက ဝေဖန်လိုက်သည်။
မင်းအောင်ထူးက“ Road Map အရ အခုညီလာခံကျင်းပနေတဲ့ Process တွေက ရှေ့နောက်ပြောင်းပြန်လိုလို ဖြစ်နေတယ်၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို နေရာဒေသအားလုံးမှာ မကျင်းပနိုင်သေးဘဲနဲ့ အခုညီလာခံမှာ ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်တယ်၊ ကျန်တဲ့နေရာတွေမှာ အမျိုးသားအဆင့်နိုင်ငံရေးတွေ ဆက်လက်ကျင်းပပြီးရင် ထွက်ပေါ်လာတဲ့ရလဒ်တွေနဲ့ အခုညီလာခံဆုံးဖြတ်ချက်တွေနဲ့ အံဝင်ဂွင်ကျမဖြစ်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ” ဟု မေးခွန်းထုတ်သည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် ၈ ဖွဲ့သာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည်။ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသဖြင့် ယခုညီလာခံ၏ဆုံးဖြတ်ချက်ကို လိုအပ်ပါကပြန်လည်ပြင်ဆင်ခွင့်ပြုပေးသင့်ကြောင်း သူကဆိုသည်။
မည်သို့ပင်ဆိုစေကာမူ NCA သဘောတူစာချုပ် အပိုဒ် ၂၀(င) အရ “ပြည်ထောင်စု သဘောတူစာချုပ်”၏ အစိတ်အပိုင်း – ၁ အဖြစ် မေလ ၂၉ ရက်နေ့က ကျင်းပသောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနောက်ဆုံးရက် မူဝါဒများအား အတည်ပြုခြင်းအခမ်းအနားတွင် အစိုးရ ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား ခေါင်းဆောင် ၅ ဦးတို့က စုစုပေါင်းမူဝါဒ ၃၇ ချက်အား ပြည်ထောင်စုသဘောတူညီချက် Union Accord ၏ အစိတ်အပိုင်း (၁) အနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။
“အားလုံးမှာ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကျွန်မတို့ အားလုံးဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို နောင်လာမယ့် မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းလိုခြင်း မရှိတော့ဘဲ ကုစားနိုင်မယ့် နည်းလမ်းကို ရှာဖွေမှု စတင်ခဲ့ပါပြီ။ ကွဲလွဲမှုတွေအကြားက တူညီမှုတွေ ရှာဖွေနိုင်ဖို့ဆိုတာ အမှန်တကယ်တော့ မလွယ်ကူလှပါဘူး။ ကျွန်မတို့ နိုင်ငံလို လက်နက်ကိုင် ပဋိပက္ခတွေ နှစ်ပေါင်း (၇၀) နီးပါး ကြာရှည်ခဲ့ပြီဖြစ်တဲ့နိုင်ငံမှာ ပိုမိုပြီး ခက်ခဲနေခဲ့တယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၉ ရက် ငြိမ်းချမ်းရေးညီလာခံပိတ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
ပါဝင်ပတ်သက်နေသူ အုပ်ချုပ်သူ၊ အဖွဲ့အစည်း၊ လူထုလူတန်းစား အားလုံးအနေဖြင့် မိမိတို့၏လိုအပ်ချက် ရာနှုန်းပြည့်ရရှိနိုင်မည်မဟုတ်သော်လည်း လက်ရှိကာလတွင် ခန်းမဆောင်တစ်ခုအတွင်း စားပွဲဝိုင်းတွင်ထိုင်ပြီး ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ခြင်းက တိုးတက်အောင်မြင်မှုတစ်ရပ်လို့ ဆိုရမည်သာ။