Homeသတင်းNCA ရေးထိုးသူများပါဝင်ယုံဖြင့် နိုင်ငံရေး ပြဿနာများဖြေရှင်းနိုင်မည်မဟုတ်ဟု KNU ဥက္ကဌပြော

NCA ရေးထိုးသူများပါဝင်ယုံဖြင့် နိုင်ငံရေး ပြဿနာများဖြေရှင်းနိုင်မည်မဟုတ်ဟု KNU ဥက္ကဌပြော

-

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်( NCA )တွင် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်မှုလောက်ဖြင့် တနိုင်ငံလုံး လွှမ်းခြုံသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က မေ ၂၄ရက် နေပြည်တော် MICC2 တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး(မင်းရဲစစ်နိုင်)
“အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်မှုမှာ အရေးကြီးတဲ့ Stake holder (အင်အားစု) တွေဖြစ်တဲ့ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများ ကျန်ရှိနေသေးတယ်ဆိုတာကို သတိပေးလိုပါတယ်။ ကျွန်တော်တို့ NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က ပြောသည်။

NCA စာချုပ်ကို KNU(ကရင်အမျိုးသားအစည်းအရုံး)၊ DKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)၊ ABSDF(မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) ၊ CNF(ချင်းအမျိုးသား တပ်ဦး)၊ PNLO(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)၊ ALP(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) ၊ RCSS(ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ)နှင့် KNU/KNLA – PC (ကရင်အမျိုးသားအစည်း အရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) တို့ လက်မှတ်ထိုးထားပြီး ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “NCA ဆိုတဲ့ ထီးအောက်ထဲကို တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ရောက်နေပါပြီ။ နောက်ထပ် နောက်ထပ် အဖွဲ့တွေကိုလည်း ဒီထီးရိပ်အောက်ရောက်လာအောင် ကျွန်တော်တို့ ကြိုးပမ်းသွားမယ်ဆိုတာ ပြောထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

NCA လက်မှတ်ရေးထိုးရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အဆိုပြုချက်၉ချက်ကို သဘောတူရန်တောင်းဆိုထားပြီး ယခုအချိန်ထိ ညှိနှိုင်းသဘောတူညီမှု မရရှိသေးသဖြင့် Deed of Commitment-DoC လက်မှတ်ရေးထိုးနိုင်သည့် အဆင့်သို့ မတက်လှမ်းနိုင်သေးပေ။

ထို့ပြင် UWSA ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကလည်း NCA လမ်းကြောင်းအတိုင်းမလိုက်ဘဲ စာချုပ် အသစ်ရေးဆွဲရန် ထုတ်ပြန်ထားသော ပန်ခမ်းထုတ်ပြန်ချက်အတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီတွင် ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MNTJP/MNDAA)၊ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) တို့ပါဝင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts