spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဓားပြခေါင်းဆောင် အကြိုင်းကို မွန်ပြည်သစ်က ရဲတပ်ဖွဲ့ထံ လွှဲအပ်

    ဓားပြခေါင်းဆောင် အကြိုင်းကို မွန်ပြည်သစ်က ရဲတပ်ဖွဲ့ထံ လွှဲအပ်

    -

    တနင်္သာရီတိုင်း၊ ရေမြောက်ပိုင်းနှင့် မွန်ပြည်နယ်၊ တောင်ပိုင်းဒေသတို့တွင် ယခုနှစ်ဆန်းပိုင်းက ထပ်မံပေါ်ပေါက်လာသည့် ဓားပြအဖွဲ့ခေါင်းဆောင် အကျိုင်းကို လွန်ခဲ့သည့် တစ်လခန့်တွင် မွန်ပြည်သစ်ပါတီ က ဖမ်းဆီးရမိပြီးနောက် ရေးမြို့နယ် ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

    တရားခံ အပ်နှံပွဲကို မေလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၊ အမှတ် (၂) တပ်ရင်း၊ ရေးမြို့နယ် အရှေ့ဘက်ရှိ ဝယ်ဇင်စခန်းတွင် ပြုလုပ်ခဲ့ပြီး၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူများက ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်အဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

    ရဲစခန်းသို့လွှဲပြောင်းခဲ့သော ဓားပြခေါင်းဆောင် အကြိုင်း(Facebook)

    ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က “တရားခံကို ဝယ်ဇင်စခန်းကနေ ကျနော်တို့ကို လွှဲအပ်မယ်ဆိုတဲ့အတွက် ကျနော်ဦးစီးပြီးတော့ ခေါဇာနယ်မြေ ရဲစခန်းမှူး ပါဝင်တဲ့အဖွဲ့ကနေ ကောင်းမွန်စွာနဲ့ လွှဲပြောင်းလက်ခံခဲ့ပါတယ်” ဟု ပြောသည်။

    ဓားပြအဖွဲ့ခေါင်းဆောင် အကျိုင်း (ခ) မောင်ဝင်း အသက် (၄၂) နှစ်သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းတွင် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းရှိ သဲခုံကျေးရွာ၌ သေနတ်ပြ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကို တိုက်ယူခဲ့သည့် အဖွဲ့၏ ခေါင်းဆောင် ဖြစ်ပြီး၊ ခေါဇာနယ်မြေ ရဲစခန်းက (ပ) ၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၃၉၂ ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရသူ ဖြစ်သည်။

    ၎င်းကို သင်္ကြန်ကာလအလွန် ဧပြီလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရေးမြို့နယ်၊ ခေါဇာမြို့၊ ဟံဂံကျေးရွာအုပ်စု၊ ဘရောင်းကျေးရွာရှိ ကျိုက်မင်းမလော့ဘုရား တောင်ကြား၌ သေနတ်တို ၂ လက်၊ လက်ပစ်ဗုံး (၂) လုံးနှင့်အတူ မွန်ပြည်သစ် လက်အောက်ခံတပ်ဖွဲ့က ဖမ်းဆီးရမိကာ ဗဟိုဌာနချုပ်တွင် ချုပ်နှောင်ထားခဲ့ရာမှ ဗဟိုဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင်တစ်ဦး ဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး ဉာဏ်ထွန်းက “ကျနော်တို့ ဗဟိုကော်မီတီ အစည်အဝေး မတိုင်ခင် ကတည်းက ဖမ်းမိထားတာ တစ်လလောက် ရှိပြီ။ သူ့ကို ဟံဂံရွာ အနီးမှာ ဖမ်းမိပြီးတော့ ဗဟိုမှာ ချုပ်ထားတာ” ဟု ပြောသည်။

    အကျိုင်းသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ရေးမြို့ (စကခ ၁၉) ၌ လက်နက်ချခဲ့သည့် နိုင်ဗင် ဦးဆောင်သည့်အဖွဲ့တွင် ပါဝင်ခဲ့ပြီး၊ ၂၀၁၅ နှစ်ဦးပိုင်းတွင် နိုင်မွန်ချမ်းနှင့်အတူ ပြန်လည်တောခိုကာ ရေးတောင်ပိုင်းနှင့် တနင်္သာရီမြောက်ပိုင်းဒေသတွင် ဆက်ကြေးတောင်း ပြန်ပေးဆွဲမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။

    ၎င်းနောက် ၂၀၁၆ ခုနှစ် မေလ ၆ ရက်နေ့တွင် တနင်္သာရီတိုင်း အခြေစိုက် ခလရ ၂၈၀ ၌ လက်နက်အပ် အလင်းဝင်ခဲ့သည့် နိုင်မွန်ချမ်း ခေါင်းဆောင်သည့် လက်နက်ကိုင်အဖွဲ့ဝင် ၁၈ ဦးတွင် ပါဝင်ခဲ့ပြီး၊ အလင်းဝင်ပြီးနောက် ပေါက်ပင်ကွင်း – ရေး ကားလိုင်းပြေးဆွဲခြင်း လုပ်ငန်းကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

    ၎င်းသည် ဖေဖော်ဝါရီလတွင် သဲခုံကျေးရွာ၌ လက်နက်ပြ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကို တိုက်ယူခဲ့ခြင်းအပြင်၊ မတ်လတွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ကျင်းပသည့် နွေရာသီ မွန်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကျောင်း ၁၀ နှစ်ပြည့် အမှတ်အရပွဲတော်အတွက်လည်း ငွေကျပ် သိန်းတစ်ရာကို တောင်းယူခဲ့ပြီး၊ မတ်လအတွင်းတွင်ပင် ရေးမြို့နယ် ဟံဂံကျေးရွာ၌ ကျင်းပခဲ့သည့် ဘုန်းကြီးပျံပွဲတော်အတွက်လည်း ငွေကျပ် သိန်းတစ်ရာကို တောင်းယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks