မွန်ပြည်နယ်ရှိ သံလွင်(ချောင်းဆုံ)တံတားအမည်နှင့် ပတ်သက်၍ သံလွင်တံတား(ချောင်းဆုံ) ဆိုင်ရာလူထုလှုပ်ရှားမှုကော်မတီက နိုင်ငံတကာအသိုင်းအဝိုင်းသို့ မွန်တိုင်းရင်းသားတို့၏ တောင်းဆိုချက် ၃ ချက်ကို ဧပြီလ ၂၄ ရက်စွဲဖြင့် အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သော လက်ရှိအစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသားနိုင်ငံတည်ဆောက်ရာတွင် တိုင်းရင်းသားတို့၏ သဘောဆန္ဒနှင့် တောင်းဆိုသံများအား အစိုးရ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစား အလေးထားလာစေရန်၊ တံတားအမည်အား ဒေသခံများ ကြိုက်နှစ်သက်သည့်အမည်ဖြင့် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ရန်အတွက် ဒေသခံပြည်သူနှင့် အစိုးရအကြား တွေ့ဆုံညှိနိုင်းမှုတရပ်ကိုအစိုးရမှ စီစဉ်ပေးနိုင်ရန်၊ အစိုးရမှ နိုင်ငံတကာအသိုင်းအဝိုင်းရှိ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်များနှင့် ဌာနေတိုင်းရင်းသားဆိုင်ရာ အခွင့်အရေးကြေညာချက်များအား လေးစားလိုက်နာစေရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ တိုက်တွန်းပြောဆိုပေးနိုင်ရန် အချက် ၃ ချက်တောင်းဆိုကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ဒီသံလွင်(ချောင်းဆုံ)တံတားနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်အပြီးမှာ ကော်မတီဖွဲ့ထားတယ်။ လက်မှတ်တွေလည်း ကောက်ခံတယ်။ မနေ့ကပဲ အင်္ဂလိပ်စာရေးသားပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို အီးမေးကနေ ပေးပို့လိုက်တယ်” ဟု သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီ အလုပ်အမှုဆောင် မင်းအောင်မွန်က မွန်သတင်းအေဂျင်စီသို့ ဧပြီ၂၆ရက်က ပြောသည်။
သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီအနေဖြင့် မူလ သံလွင်တံတား(ချောင်းဆုံ) အမည်သတ်မှတ်ရန် ဆန္ဒပြုလက်မှတ်များ လိုက်လံကောက်ခံလျက်ရှိရာ ဧပြီ ၂၅ ရက်နေ့အထိ လက်မှတ်ပေါင်း တစ်သိန်းနှစ်သောင်းကျော် ရရှိနေပြီး တိုင်းရင်းသားရေးရာဝန်ကြီးထံ တင်ပြတောင်းဆိုသွားမည် ဖြစ်သည်။
အထက်ပါကဲ့သို့ တောင်းဆိုချက်နှင့် လူထုလှုပ်ရှားမှု ပြုလုပ်ရခြင်းမှာ အချက်၃ချက်ကြောင့်ဖြစ်ပြီး ၎င်းတို့မှာ လူနည်းစု/လူမျိုးစုအခွင့်အရေးအား မလေးစားခြင်း ဒီမိုကရေစီစနစ်တရပ်တွင် မဲအများစု အနိုင်ရသည့်ပါတီမှ အစိုးရဖွဲ့စည်းခြင်း၊ ဥပဒေပြုခြင်း အာဏာရှိသည်ဆိုသော်လည်း ဒီမိုကရေစီသဘောသားတရပ်အရ လူအနည်းစုတို့၏ အခွင့်အရေးကို လေးစားခြင်း ဆိုသည့်အချက်ကို မလိုက်နာသောကြောင့် အာဏာရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်များ၏ ပြုမူဆောင်ရွက်မှုများသည် တိုင်းရင်းသားလူမျိုးစုတို့၏ အခွင့်အရေးအား အသိအမှတ်မပြုရာရောက်နေသည်ဟု အိတ်ဖွင့်ပေးစာတွင် ရေးသားဖော်ပြသည်။
ဒုတိယအချက်မှာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ချိုးဖောက်ခြင်း၊ ၎င်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်အချို့၏ လုပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ၂၄ရက်တွင် ပြဌာန်းထားသည့် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ” ၏ အခန်း၂ အပိုဒ်၃(ဂ) တိုင်းရင်းသားများ၏ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ် ထိန်းသိမ်းခြင်းကိုလည်းကောင်း၊ အခန်း၅ ပိုဒ်၉(ဂ) အရ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးကိုလည်းကောင်း ချိုးဖောက်နေသည်ကို တွေ့ရသည်။ ၎င်းတို့လုပ်ရပ်ကြောင့် မွန်တိုင်းရင်းသားများအကြား မွန်နှင့် ဗမာတိုင်းရင်းသားများအကြား အထင်အမြင်လွဲမှားစေသည်ဟု အိတ်ဖွင့်ပေးစားက ထောက်ပြသည်။
တတိယအချက်တွင် နိုင်ငံတကာ လူမျိုးစုအခွင့်အရေး စံချိန်စံညွှန်းများအား ချိုးဖောက်ခြင်း၊ ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကြေညာစာတမ်းအရလည်းကောင်း၊ လူမျိုးစု ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကားနှင့် သက်ဆိုင်နေသည့် လူနည်းစုအခွင့်အရေး ကြေညာစာတမ်းအရလည်းကောင်း၊ မွန်တိုင်းရင်းသားများမှာ ၎င်းတို့ဒေသအတွင်း ၎င်းတို့၏ အမျိုးသားလက္ခဏာနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိနေသည်။ ဒေသတိုင်းရင်းသားများ၏ ဆန္ဒသဘောထားအား လျစ်လျူရှုပြီး အတင်းအကျပ် တစ်ဖက်သတ်ဆုံးဖြတ်ချက်ချခြင်းသည် အထက်ပါ နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် လူမျိုးစုအခွင့်အရေးအား ချိုးဖောက်ခြင်းဖြစ်ခြင်းကြောင့် ယခုလို ပေးပို့ရခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ရေးသားထားသည်။
အဆိုပါ တောင်းဆိုချက်များကို စာတိုက်မှတဆင့် မြန်မာပြည်အခြေစိုက်သံရုံးများဖြစ်သော အမေရိကန်၊ ပြင်သစ်၊ နော်ဝေး၊ အင်္ဂလန်(ဗြိတိန်)၊ တရုတ်၊ ဂျာမန်၊ အီတလီ၊ ဂျပန် နှင့် ဥရောပသမဂ္ဂတို့ကို ပေးပို့ခဲ့ပြီး အီးမေးမှတဆင့် ကျန်ရှိသော သံရုံးများ၊ ကုလသမဂ္ဂကိုယ်စားလှယ်ရုံး နှင့် နိုင်ငံတကာသံတမန်များထံသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် သံလွင်တံတား(ချောင်းဆုံ) တံတားအမည်ဖြင့်ပန္နက်ချခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပြောင်းလဲရန် ပြည်သူ့လွှတ်တော်မဲပေးဆုံးဖြတ်ခဲ့ကြောင်း၊ ထိုနောက် မော်လမြိုင်မြို့ပေါ်၌ သောင်းနှင့်ချီလူထုဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီးနောက် တံတားဖွင့်လှစ်မည့်ရက်ကို လောလောဆယ်မသတ်မှတ်နိုင်သေးကြောင်း သိရသည်။