spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် SMEs လုပ်ငန်းများ လာမည့်မေလတွင် စွမ်းဆောင်ရည်စတင်မြှင့်တင်မည်

    မွန်ပြည်နယ် SMEs လုပ်ငန်းများ လာမည့်မေလတွင် စွမ်းဆောင်ရည်စတင်မြှင့်တင်မည်

    -

    မွန်ပြည်နယ်ရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ SMEs များအား ချေးငွေနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း Capacity Building အစီအစဉ်များအား လာမည့်မေလမှစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။

    အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ခြင်း Capacity Building အစီအစဉ်တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းဖွဲ့စည်းပုံ၊ စာရင်းအင်းထိန်းသိမ်းခြင်း၊ အခွန်အခဆိုင်ရာ ကဏ္ဍရပ်များ၊ ဈေးကွက်စီမံခန့်ခွဲမှု (Marketing Management) ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (HR Management)၊ ငွေကြေးစီမံခန့်ခွဲမှု (Financial Management) စီမံ ခန့်ခွဲမှု၊ လုပ်ငန်းများ ချဲ့ထွင်နိုင်ရေးအတွက် ဘဏ်ချေးငွေများရရှိရေး၊ အကြွေးကတ်ဝန်ဆောင်မှုများ အသုံးပြုနိုင်ရေးတို့ သင်ကြားပေးမည်ဟု ဆိုသည်။

    စက်မှုဝန်ကြီးဌာနနှင့် KASIKORN BANK တို့ MoU လက်မှတ်ရေးထိုးစဉ်(Internet)

    ဒေါ်အေးအေးဝင်းက “မြန်မာနဲ့ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြလို့ နယ်စပ်ကုန်သွယ်ရေး အဓိက ကျပါတယ်၊ ဒါကြောင့် ဒီ MoU အစီအစဉ်တွေကို မော်လမြိုင်နဲ့ မြိတ်တို့လို နယ်စပ်မြို့တွေကနေ စပြီး ဆောင်ရွက်ပါမယ်၊ လာမယ့် မေလမှာ မွန်ပြည်နယ် မော်လမြိုင်မြို့က SMEs တွေနဲ့စပါမယ်” ဟု ပြောသည်။

    အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ငွေအရင်းအနှီးနှင့် နည်းပညာပိုင်းမှာပါ ပံ့ပိုးပေးသွားရန် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဆိုင်ရာ ဗဟိုဌာနချုပ်နှင့် ထိုင်းနိုင်ငံ KASIKORN- (K-BANK ) တို့၏ SME Capacity building Program Series နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးပွဲကို နေပြည်တော် Emerald Palace Hotel တွင် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပစဉ် မီဒီယာများသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ညွှန်ကြားရေးမှူးချုပ်က “ဒီက SME လုပ်ငန်းတွေဟာ အဓိက လိုအပ်နေတဲ့ ဘဏ်ချေးငွေရဖို့အတွက် အပေါင်ပစ္စည်းကိုလည်း မပေးနိုင်ဘူး၊ Business Plan ကိုလည်း အဆင့်မီမီ မတင်ပြနိုင်သေးဘူး၊ ဒါကြောင့် Capacity Building အစီအစဉ်တွေ လုပ်နိုင်ဖို့ ဒီ MoU ရေးထိုးရတာပါ” ဟု ပြောသည်။

    အသေးစား အလတ်စားလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် စိန်ခေါ်မှုများရင်ဆိုင်နိုင်ရေး၊ စီးပွား အခွင့်အလမ်းများ ဖန်တီးနိုင်ရေးနှင့် အတူအခြေခံ အဆောက်အအုံများ ရရှိရေး၊ ဈေးကွက် မြှင့်တင်ရေး၊ ကုန်ထုတ် နည်းပညာများ မြှင့်တင်ရေးနှင့် လုပ်ငန်းချဲ့ထွင်နိုင်ရန် ငွေကြေးဆိုင်ရာ ဖြေရှင်းရေးတို့အတွက် လိုအပ်သည့် အရည်အချင်းများရရှိရေးတို့ကို ဆည်းပူးလေ့လာရန်လိုအပ်သည်ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

    မြန်မာနိုင်ငံဆားလုပ်ငန်းရှင်အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဝင်ဖြစ်သူ နိုင်ဟုက “ကျနော်တို့လက်ထဲမှာ ငွေအရင်းအနှီးနည်းတဲ့အတွက် ဆားဈေးကိုမထိန်းထားနိုင်ဘူး၊ ဈေးနှိမ်ပြီးလာဝယ်နေတာကိုလည်း ကိုယ့်မှာငွေလိုတော့ ဖြစ်တဲ့ဈေးနဲ့ရောင်းလိုက်ရတာပဲ၊ ဒါကြောင့် ကျနော်တို့ဆားလုပ်ငန်းတွေအတွက် ဘဏ်မှာငွေချေးလို့ရမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်၊ ကျနော်တို့လုပ်ငန်းရှင်တွေလည်းအလုပ်ဖြစ်သလို ဘဏ်တွေလည်းအလုပ်ဖြစ်တာပေါ့” ဟု ပြောသည်။

    သို့ရာတွင် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်သို့ ချေးငွေလျှောက်ရာတွင် ပါဝင်ရမည့်လိုအပ်ချက်များတွင် စက်မှုလုပ်ငန်းလိုင်စင်/အိမ်တွင်းက်မှုလက်မှုလုပ်ငန်းလိုင်စင်၊ စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်၊ အခွန်ပြေစာ ၃ နှစ်စာမိတ္တူ၊ လျှောက်ထားသည်၏အမည်ပေါက်ဂရမ် စသည့်အချက်အလက်များ ပါဝင်နေသဖြင့် ထိုကဲ့သို့ချေးငွေများရယူရန် မိမိတို့ဆားလုပ်ငန်းရှင်များ စိတ်မဝင်စားကြောင်း ဆိုသည်။

    “သမ္မတဦးသိန်းစိန်လက်ထက်မှာ ကျနော်တို့ဆားဖိုမြေတွေကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ပေးတဲ့စာရွက်စာတမ်းတွေမှာဆိုရင် လွှဲပြောင်းခွင့်၊ ရောင်းပိုင်ခွင့်၊ အစိုးရနှင့်ပတ်သက်တဲ့ မည်သည့်ဘဏ်မဆို ငွေချေးငှားပိုင်ခွင့်ရှိတယ်ဆိုပြီး ရေးသားထားတယ်ဆိုပေမယ့် တကယ့်တကယ်မှာတော့ ဘဏ်တွေမှာသွားပြတာ ငွေမချေးပေးဘူး” ဟု ပြောသည်။

    ၄င်းအနေဖြင့် မွန်ပြည်နယ်ဆားလုပ်ငန်းရှင်တစ်ဦးဖြစ်သော်လည်း မွန်ပြည်နယ်တွင် SME လုပ်ငန်းမှတ်ပုံမတင်ထားကြောင်း၊ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များတွင် SME မှတ်ပုံတင်ထားသူအရေအတွက် အနည်းငယ်သာရှိကြောင်း၊ ဆားဖိုလုပ်ငန်းတစ်နှစ်စာလည်ပတ်ရန်အတွက် မတည်ရင်းနှီးငွေ ငွေကျပ် သိန်း ၂၀ဝ မှ သိန်း ၅၀ဝ အထိလိုအပ်ကြောင်း သူကဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်ဆားလုပ်ကွက်ဧက ၃ ထောင်နီးပါးရှိပြီး ဆားထွက်နှုန်း ၃၁,၅၆၃ မက်ထရစ်တန်ချိန်ရှိကြောင်း၊ ပြည်နယ်တစ်ခုလုံးတွင် ဆားလုပ်ငန်းရှင် ၇၀ ကျော်ရှိကြောင်း၊ မွန်ပြည်နယ်၏အဓိကထွက်ကုန်ဖြစ်ပြီး မြန်မာနိုင်ငံတဝန်းဆားထုတ်လုပ်မှု၏ ၂၀% ထွက်ရှိကြောင်း သိရသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “လက်ရှိ မွန်ပြည်နယ် SMEs လုပ်ငန်းတွေဟာ ဥပဒေမှာပြဌာန်းထားတဲ့အတိုင်း ဘောင်ဝင်အောင် မလုပ်ဆောင်နိုင်သေးဘူး၊ တနည်းပြောရရင် ကျနော်တို့ပြည်နယ်မှာ အသက်မဝင်သေးဘူး၊ ဆက်ပြီးကြိုးစားရဦးမယ်” ဟု ဆိုသည်။

    ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို၄င်း၊ မွန်ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကို ၂၀၁၅ ခုနှစ်တွင်၄င်း ပြဌာန်ထားပြီး ဖြစ်သည်။

    မွန်ပြည်နယ်သည် စပါး၊ ရာဘာ၊ ဥယာဉ်ခြံလုပ်ငန်းများ၊ ဆားနှင့် ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသဖြင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများရှိပြီး ပထဝီအနေအထားအရ အိမ်နီးခြင်းထိုင်းနိုင်ငံသို့လည်း ကုန်းလမ်း၊ ရေလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts