spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအာဏာရှင်ဆန်နေပြီလားစဉ်းစားကြဖို့ ပြည်ခိုင်ဖြိုးအမတ်သတိပေး

    အာဏာရှင်ဆန်နေပြီလားစဉ်းစားကြဖို့ ပြည်ခိုင်ဖြိုးအမတ်သတိပေး

    -

    ဒေသခံများမကျေနပ်လက်မခံနေသည့်အပေါ် သံလွင်တံတား(ချောင်းဆုံ)အား ဗိုလ်ချုပ်အောင်ဆန်တံတားဟု အမည်ပေးခြင်းသည် မိမိတို့၏လုပ်ဆောင်ချက်များ “အာဏာရှင်ဆန်နေပြီလား” စဉ်းစားကြဖို့ မင်းကင်းပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ဆွေးနွေးစဉ် သတိပေးပြောကြားလိုက်သည်။

    ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က “မိမိတို့ရဲ့လုပ်ဆောင်ချက်တွေက အာဏာရှင်ဆန်နေပြီလားဆိုတာကို စဉ်းစားကြဖို့ ကျွန်တော်ပြောချင်ပါတယ်။ ဆိုရှယ်မီဒီယာသတင်းအရ ချောင်းဆုံမြို့နယ်က ဒေသခံတွေဟာ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးမှာကို မကျေနပ်လက်မခံကြောင်း ပြသနေပါတယ်။ ကျွန်တော်တို့က လွှတ်တော်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုချင်လို့ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးတယ်ဆိုကြပါစို့။ ဒါဟာလည်း လွှတ်တော်က တိုက်ရိုက်ပေးလို့မသင့်ပါဘူး။ အစိုးရအဖွဲ့ကို အကြောင်းကြားရမှာဖြစ်ပါတယ်။ ဒါဟာအစိုးရအဖွဲ့ရဲ့တာဝန်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

    မင်းကင်းပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်(မဇ္ဇျိမTV)

    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့်အဆိုရှင်(မိကွန်ချမ်း-ပေါင်မြို့နယ်အမတ်) စေတနာမှန်ကန်သော်လည်း လုပ်နည်းလုပ်ဟန်မှားယွင်းနေကြောင်း၊ တံတားနာမည်ပေး ကင်ပွန်းတပ်ခြင်းသည် လွှတ်တော်တွင် ငြင်းခုန်ဆွေးနွေးရမည့် နေရာမဟုတ်ကြောင်း၊ လွှတ်တော်သည် အဓိကတာဝန်ကြီးနှစ်ရပ်ဖြစ်သည့် ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို အပြန်အလှန်ထိန်းကျောင်းခြင်း( Check and Balance)တို့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ထောက်ပြသည်။

    “မွန်လူမျိုးတွေဟာ အင်မတန်အစဉ်အလာကြီးမားပါတယ်။ အဲဒီတော့ မွန်လူမျိုးတွေထဲမှာဆိုရင် ရာဇာဓိရာဇ်တို့လို၊ ရှင်စောပုတို့လို ဗညားဒလတို့လို သူရဲကောင်းတွေထဲမှာဆိုရင် လဂွန်းအိန်၊ အဲမွန်ဒရာ၊ သမိန်ဗရမ်း သူရဲကောင်းတွေရှိတယ်။ British နယ်ချဲ့တွေကို စီးပွားရေးအရအံတုခဲ့တဲ့ ဦးနိုင်အောက်လို မျိုးချစ်တွေလည်းရှိတယ်။ ဒီဘက်ခေတ်မှာဆိုရင်လည်း ဆရာကြီးနိုင်ပန်းလှလို၊ မင်းသုဝဏ်တို့တွေရှိတယ်။ နောက်ဆုံးဗျာ သမ္မတကြီး ဦးထင်ကျော် ရှိသေးတယ်။ အဲဒီလူတွေထဲက ကြိုက်တဲ့နာမည်ပေး၊ ဒါလည်း ကျွန်တော်တို့က ထောက်ခံပါတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောသည်။

    ၄င်းက မီတာ ၅၀ဝ ခန့်(တံတားအရှည်သက်သက်-ချဉ်းကပ်လမ်းမပါ) ရှိသည့်တံတားလေးကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးခြင်းသည် နောက်တစ်ကြိမ်သတ်သည်နှင့်တူနေသဖြင့် မထောက်ခံပါကြောင်း၊ ဗိုလ်ချုပ်၏ကြီးမြတ်သည့်ဂုဏ်ဒြပ်ကို နှိမ့်ချနေသည့်အတွက်ကြောင့် လေးလေးနက်နက်ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော်မှတိုက်ရိုက်လွှင့်ထုတ်မှုတွင် တွေ့ရှိရသည်။

    အလားတူ NLD ပါတီဝင် ရှမ်းပြည်နယ် ကလောမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ပြုံးကေသီနိုင်က “တိုင်းရင်းသားများ လိုချင်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုအတွက် နိုင်ငံရေးအကြောင်းတရားတွေကို အခက်အခဲအကြပ်အတည်းပေါင်းများစွာကြားက ဖန်တီးရယူနေကြရတာကို မရှုစိတ်နိုင်တဲ့ တဖက်စွန်းအမျိုးသားရေးဝါဒီဖြစ်တဲ့ အာဏာရှင်အတွေးအခေါ်ရှိသူများ အခြေအနေတစ်ခုကိုအကြောင်းပြုပြီး သဘောတရားအစာမကြေတဲ့ နိုင်ငံရေးသမားတွေကိုမြှောက်ပေးကာ ရန်ဖြစ်ခိုင်းပါတယ်၊ ပြည်သူတွေဟာ အသိမဲ့ပါလာရပါတယ်၊ ဒီကိစ္စရပ်တွေကို လူမှုရေးစားမျက်နှာပေါ်မှာ ဖတ်ရဲစရာမရှိလောက်အောင် အပြန်အလှန်ရေးသားနေကြတာ အားလုံးအသိပဲဖြစ်ပါတယ်၊ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်” ဟု ပြည်သူ့လွှတ်တော်၌ တင်ပြခဲ့သည်။

    ဒေါ်ပြုံးကေသီနိုင်က မိမိတို့သည် မည်သည့်လူမျိုးကြီးဝါဒကိုမှ လက်မခံသလို အမြင်ကျဉ်းမြောင်းသည့်လူမျိုးရေးအတွေးများကိုလည်း ကြိုးစားတိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ အားလုံးနိုင်ငံရေးသတိရှိဖို့ လိုအပ်ကြောင်း၊ အာဏာရှင်အတွေးအခေါ်ကိုယူမှာလား-အာဏာရှင်အတွေးအခေါ်ကို တော်လှန်မှာလား ရွေးချယ်ကြရမည်ဖြစ်ကြောင်း ဆက်လက်တင်ပြခဲ့သည်။

    အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနှင့် ဆောက်လုပ်ရေးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် တို့ဆွေးနွေးတင်ပြခဲ့ပြီး ကန့်ကွက်သူနှစ်ဦးရှိသည့်အတွက် စက်ခလုတ်ဖြင့်မဲပေးရာ မဲမပေးသူ ၄ ဦး၊ ကန့်ကွက် ၄၃ မဲ၊ ကြားနေ ၁၁၆ မဲ၊ ထောက်ခံ ၂၁၇ မဲဖြင့် အဆိုကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

    ထောက်ခံမဲများမှာ NLD အမတ်များဖြစ်ကြပြီး ကြားနေမဲများမှာ တပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြသည်ဟု သိရသည်။

    မွန်ပြည်နယ်၊ ပေါင်မြို့နယ် NLD ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိကွန်ချမ်းက မော်လမြိုင်နှင့် ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်သို့ ဆက်သွယ်ထားသည့် သံလွင်တံတား(ချောင်းဆုံ)အား “ဗိုလ်ချုပ်အောင်ဆန်တံတား” အမည်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က တင်သွင်းခဲ့ပြီး မတ်လ ၁၄ ရက်နေ့တွင် ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks