Homeသတင်းဝန်ကြီးချုပ်သစ်ခန့်အပ်အတည်ပြုရန် မွန်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ

ဝန်ကြီးချုပ်သစ်ခန့်အပ်အတည်ပြုရန် မွန်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ

-

လစ်လပ်လျက်ရှိသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး အသစ်ခန့်အပ်အတည်ပြုရန် မနက်ဖြန်မတ်လ ၁ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “ပြည်နယ်/တိုင်းဒေသကြီးဆိုင်ရာ နည်းဥပဒေ အပိုဒ် ၃ (ဃ) အရ သမ္မတကနေအမည်စာရင်းပေးပို့လာတာနဲ့ အနည်းဆုံး ၃ ရက်အတွင်းမှာ အရေးပေါ်အစည်းအဝေးခေါ်ရတယ်။ ခေါ်ပြီးတော့ ဒါကိုအတည်ပြုမယ်။ ကတိသစ္စာပြုရမယ်” ဟုဆိုသည်။

မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး(MNA)

သို့ရာတွင် အဆိုပါအရေးပေါ်အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတခန့်အပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားအတည်ပြုဖြစ်သော်လည်း ယခုအခါမည်သည့်ပုဂ္ဂိုလ်ဖြစ်မည်ကို မသိရှိနိုင်သေးပေ။

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “လစ်လပ်နေတဲ့ ဝန်ကြီးနေရာအတွက် နိုင်ငံတော် သမ္မတက ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်လို့ရပြီးဆိုရင် အခြေခံဥပဒေ ၂၆၁ (က)/(ခ) အရ လွှတ်တော်ရဲ့သ ဘောတူညီချက်ကို ရယူရတယ်။ လွှတ်တော်ရဲ့ သဘောတူညီချက်ဆိုတာက လွှတ်တော်ရဲ့ အစည်းအဝေး ကျင်းပပြီးမှ အဲဒီအစည်းအဝေးက သဘောတူညီချက်ကို ရယူရတာပါ” ဟု ဆိုသည်။

မွန်ပြည်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် ဦးမင်းမင်းဦးသည် မိမိဆန္ဒအလျောက် နိုင်ငံတော်သမ္မတထံ နှုတ်ထွက်ခွင့်တောင်းခံခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်သမ္မတနှုတ်ထွက်ခွင့်ပြုသဖြင့် မွန်ပြည်နယ်တွင် ဝန်ကြီးချုပ်နေရာလစ်လပ်နေခြင်း ဖြစ်သည်။

ဦးမင်းမင်းဦးသည် မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးရာထူးကို ပူးတွဲတာဝန်ယူခဲ့ရာ ၎င်းရာထူးအားလုံးမှ နုတ်ထွက်ခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ဦးမင်းမင်းဦးသည် မွန်ဝန်ကြီးချုပ်ဖြစ်စဉ်ကာလတွင် NLD ထိပ်ပိုင်းခေါင်းဆောင်များ၏ စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ပြီးနောက် တာဝန်မှနှုတ်ထွက်မည့်အကြောင်း သူ၏လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Facebook ပေါ် ရေးသားခဲ့သည်ကို တွေ့ရှိရသည်။

အခြေခံဥပဒေ ၂၆၄ (က) အရ သက်ဆိုင်ရာဝန်ကြီးချုပ်ဖြစ်စေ ဝန်ကြီးတစ်ဦးဖြစ်စေ အကြောင်းတခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုပါက နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ အခြေခံဥပဒေ ၂၆၄ (ခ) အရ နုတ်ထွက်ခွင့်ပြုခြင်း/မပြုခြင်းကို အမိန့်ကြေငြာထုတ်ပြန်ရ မည်ဖြစ်ပြီး လစ်လပ်သွားသည့် ရာထူးနေရာအစား နိုင်ငံတော်သမ္မတက အခြေခံဥပဒေ ၂၆၄ (ဂ) အရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ထပ်မံရွေးချယ်ရမည်ဟု အခြေခံဥပဒေတွင် ပြဌာန်းပါရှိသည်။

မွန်ပြည်နယ်လွှတ်တော်တွင် NLD ၁၉ ဦး၊ မွန်အမျိုးသားပါတီ MNP ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ၁ ဦး၊ ပြည်ခိုင်ဖြိုးပါတီ USDP ၁ နှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တစ်နှစ်သက်တမ်းမပြည့်မီ ပထမဦးဆုံး မွန်ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး နှုတ်ထွက်သဖြင့် အသစ်ပြန်လည်ခန့်အပ်ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts