Homeသတင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၏ အကြောင်းအရာအလိုက် CSO Forum ကျင်ပရေး မွန်ပြည်နယ် CSO အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၏ အကြောင်းအရာအလိုက် CSO Forum ကျင်ပရေး မွန်ပြည်နယ် CSO အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

-

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၏ အကြောင်းအရာအလိုက် CSO Forum ကျင်ပရေးအတွက် မွန်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ CSO များ၏ နှစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမ၌ ကျင်းပပြီးစီးခဲ့သည်။

“ကျနော်တို့အခု ဒီပထမအကြိမ်ကျင်းပတဲ့ဖိုရမ်မှာ ဘယ်ကဏ္ဍ၊ ဘယ်အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားမယ်ဆိုတာ မသတ်မှတ်ရသေးဘူး၊ ဖိုရမ်ကျင်းပရာမှာ ပြည်နယ်ကိုယ်စားလှယ်ရွေးချယ်ပြီး၊ စေလွှတ်နိုင်ဖို့ ကြိုတင် ပြင်ဆင်ညှိနှိုင်းချက်တွေကို သဘောတူညီချက်ရရှိဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပတာပဲဖြစ်တယ်” ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းဖိုရမ် ကော်မတီဝင် မင်းအောင်ထူးက မွန်သတင်း အေဂျင်စီသို့ပြောသည်။

မွန်ပြည်နယ် CSO အလုပ်ရုံဆွေးနွေးပွဲ(Min Aung Htoo)
နေပြည်တော်တွင် ကျင်းပမည့် CSO ဖိုရမ်ကို တက်ရောက်နိုင်မည့် လူဦးရေ ၅၀၀ ထက်မပိုအောင် ရွေးချယ်ရမှာဖြစ်သည့်အတွက် ကိုယ်စားလှယ်ရွေးချယ်ရာတွင် တိုင်းနှင့်ပြည်နယ်အလိုက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းအားလုံးကို ကိုယ်စားလှယ် ၃၀ ဦးစီ ရွေးချယ်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ကိုယ်စားလှယ်ရွေးချယ်ရာတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းမပြည့်သည့်အတွက် ၃၀ ရာခိုင်နှုန်းရရှိရန် ထပ်မံတောင်းဆို သွားမည်ဖြစ်ကြောင်း (MWO) မွန်အမျိုးသမီးအဖွဲ့မှ မိအောင်ရင်းမွန်က ပြောသည်။

“ဒီကနေ့လုပ်သွားတဲ့အလုပ်ရုံဆွေးနွေးပွဲမှာရွေးချယ်သွားတဲ့ကိုယ်စားလှယ်အရေအတွကိုကြည့်မယ်ဆိုရင် အမျိုးသမီးပါဝင်မှုက ၃၀ ရာခိုင်နှုန်းမပြည့်ဘူး၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးကဏ္ဍလည်း အရေးကြီးတယ် ဆိုတော့တက်ရောက်နိုင်တဲ့ကိုယ်စားလှယ်ရွေးချယ်ရာမှာ အမျိုးသမီးတွေကို ပိုပြီးတော့ ဦးစားပေးရွေးချယ်စေ ချင်တယ်” ဟု သူကဆိုသည်။

ကိုယ်စားလှယ်ရွေးချယ်ရာတွင် အမျိုးသမီးအဖွဲ့အပြင် အခြားအဖွဲ့မှအမျိုးသမီးများကိုလည်း ရွေးချယ် စေချင်ကြောင်း သူမကဆက်ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ် ကျင်းပရေးလုပ်ငန်းစဉ်များ၊ နိုင်ငံလုံးဆိုင်ရာအဆင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်ကျင်းပရေးကော်မတီ၏ TOR နှင့် လုပ်ငန်းစဉ်များအကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဖိုရမ် ကျင်းပပုံနှင့် စီမံဆောင်ရွက်ပုံများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ နိုင်ငံလုံးဆိုင်ရာဖိုရမ်သို့ တက်ရောက် ဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်များ ရွေးချယ်ခြင်းနှင့် ရွေးချယ်ထားသည့်အကြောင်းအရာများအား စာတမ်းများပြုစုခြင်းများတို့ကို လုပ်ငန်းစဉ်ချမှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ရှိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၉၀ ဦးကျော်တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts