Homeသတင်းပြည်တွင်းနိုင်ငံရေးဆွေးနွေးပွဲများသွားရောက်ရန် UNFC အခက်အခဲရှိ

ပြည်တွင်းနိုင်ငံရေးဆွေးနွေးပွဲများသွားရောက်ရန် UNFC အခက်အခဲရှိ

-

ကချင် KIO ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်လိုက်သည့်အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် ပြည်တွင်းခရီးစဉ်နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားသည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ KIA၊ AA၊ MNDAA နဲ့ TNLA တို့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ရှမ်းပြည်နယ်လွှတ်တော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

DPN အဖွဲ့ဝင်များ(ဝဲမှယာ-ဗိုလ်ချုပ်ဂွမ်မော်၊ ခူဦးရယ်၊ ဒေါက်တာနိုင်ရွှေသိန်း)-(Facebook)
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့ဝင် ဒေါက်တာနိုင်ရွှေသိန်းက “ကချင် KIO အဖွဲ့က UNFC ဥက္ကဌဖြစ်နေသလို ဗိုလ်ချုပ်ဂွမ်မော်ဆိုရင်လည်း DPN ဒုခေါင်းဆောင်ဖြစ်ပါတယ်၊ ဒီခေါင်းဆောင်တွေမပါဘဲ UNFC အနေနဲ့ ပြည်တွင်းကိုသွားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ထို့အတူ NCA လက်မှတ်ရေးထိုးထားသည့် ABSDF ကျောင်းသားအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်မင်းဌေးအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးထားသည်ကိုသုံးသပ်ကြည့်ပါက အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခံထားရသည့် KIO ခေါင်းဆောင်များအနေဖြင့် ပြည်တွင်ခရီးစဉ်များတွင် လုံခြုံရေးအရ စိတ်ချရသည့်အနေအထားမဟုတ်ကြောင်း ဒေါက်တာနိုင်ရွှေသိန်းက ဆက်ပြောသည်။

သူက “ပြီးခဲ့တဲ့ရက်ပိုင်းမှာ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးနဲ့အလွတ်သဘောတွေ့ဆုံပြီး ကျနော်တို့အဓိကပြောလိုက်တာက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာဖို့လိုအပ်တယ်၊ တိုက်ပွဲတွေ ရပ်မှလည်း တဖက်နဲ့တဖက် ယုံကြည်မှုတွေပိုမိုရလာမယ်” ဟု ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် ဦးဆောင်သည့်အဖွဲ့နှင့် DPN တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်နဝါရီ ၁၃ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့အပြီး သတင်းထောက်များအား ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေ ရှင်းပြခဲ့ရာတွင် ယခုဇန်နဝါရီလအတွင်း နောက်တစ်ကြိမ်အလွတ်သဘော DPN ပြန်တွေ့ရန် ငြိမ်းချမ်းရေးကော်မရှင်ကို ပြန်လည်တင်ပြမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် ဇန်နဝါရီလမကုန်ခင်မီ ဆွေးနွေးညှိနှိုင်းမှုများ ပြီးပြတ်စေလိုကြောင်း၊ သို့မှသာ Framework meeting ဆက်လက်အတည်ပြုပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို လမည့်ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အမီ ကျင်းပနိုင်မည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က “UNFC အဖွဲ့တွေ တောင်းဆိုထားတဲ့ အချက်ရှစ်ချက်ကို ကြည့်ရင်လည်း NCA မှာ ပါဝင်တဲ့ အချက်တွေပါပဲ။ မတိကျတာကို တိကျအောင် လုပ်ဖို့ပဲဆိုတော့ တကယ်တမ်း ကျေကျေလည်လည် ညှိနှိုင်းရင်UNFC အနေနဲ့ NCA ထိုးနိုင်မယ်လို့ မြင်တယ်။ တစ်ဖက်နဲ့တစ်ဖက် အကျေအလည် ညှိနှိုင်းဖို့ပဲ လိုတယ်။ မြေပြင်မှာလည်း စစ်ပွဲတွေရပ်ဖို့ လိုတယ်။ ဒီမှာက ဆွေးနွေးနေပြီး ဟိုဘက်မှာ တိုက်နေတယ်ဆိုရင် ယုံကြည်မှု ကျတာပေါ့” ဟု The Voice နှင့်မေးမြန်းချက်တရပ်တွင် ထို့သို့ပြောကြားခဲ့သည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ရှိသည့်အနက် ကရင်လက်နက်ကိုင်အများစုပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ NCA စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် KIO, မွန် NMSP, ကရင်နီ KNPP, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, ဝအမျိုးသားအဖွဲ့ချုပ် WNO, လားဟူ LDU, ရခိုင်အမျိုးသားကောင်စီ ANC, ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, မိုင်းလား NDAA, နာဂ NSCN-K တို့ကို NCA လက်မှတ်ရေးထိုးရန် အစိုးရဘိတ်ခေါ်ထားဆဲဖြစ်ကြောင်း၊ သို့ရာတွင် တအာင်း(ပလောင်) TNLA, ကိုးကန့် MNDAA နှင့် ရခိုင်တပ်မတော် AA တို့ ၃ ဖွဲ့အား NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်မပြုကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts