Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုကုမ္ပဏီများ EMP ပြုလုပ်ထားရန် မွန်ပြည်နယ်အစိုးအဖွဲ့ညွှန်ကြား

ပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုကုမ္ပဏီများ EMP ပြုလုပ်ထားရန် မွန်ပြည်နယ်အစိုးအဖွဲ့ညွှန်ကြား

-

မွန်ပြည်နယ်ရှိ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် လုပ်ငန်းရှင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် Environmental Management Programme- EMP ပြုလုပ်ရေးဆွဲထားရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်မည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအကျယ်အဝန်း၊ အမျိုးအစားအပေါ်မူတည်၍ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA)၊ လူမှုထိခိုက်မှုမရှိအောင် ဆန်းစစ်ခြင်း (SIA) ရေးဆွဲပြီး အတည်ပြုချက်ရယူပြီးမှသာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားခြင်းဖြစ်သည်။

မွန်ပြည်နယ်ရှိ ကျောက်မိုင်းလုပ်ငန်းတစ်နေရာ(Internet)
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက “ဘယ်လုပ်ငန်း မဆိုလုပ်ရင် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ငန်းရှင် တွေက ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ဆိုတာ ဆွဲရပါတယ်၊ EMP လုပ်ပြီးမှသာလျှင် ကျန်တဲ့ရင်းနှီးမြှပ်နှံမှု လုပ်ငန်းအားလုံးလုပ်ရမယ်ဆိုတာ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူတွေကို ကွင်းဆင်းစစ်ဆေးပြီး ညွှန်ကြားထားတယ်” ဟုပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီများကို ကွင်းဆင်းစစ်ဆေးရာ အများစုတွင် EMP ရေးဆွဲထားမှု မရှိခြင်း၊ လုပ်ငန်းအပေါ်မူတည်၍ EMP/ EIA ရေးဆွဲရန် ညွှန်ကြားသည့်အဆင့်တာဖြစ်ပြီး အရေးယူမှုအပိုင်းမရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

သို့သော် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (EIA) သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု (EMP) သော်လည်းကောင်း ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်သည့် ကုမ္ပဏီများ ပြည်ထောင်စုအစိုးရထံ တင်ပြထားသော်လည်း အများစုတွင် အတည်ပြုချက်များ ပြန်လည်မရရှိကြသေးကြောင်း သိရသည်။

Long Life Agggregate Mining Co.,Ltd. မှ ဒါရိုက်တာ ဦးအောင်သက်ဌေး က “ ပြည်ထောင်စု အစိုရးကနေ အချက် ၄ ချက်နဲ့ ညွှန်ကြားထားတာရှိပါတယ်၊ ညွှန်ကြားထားသလောက်ကတော့ လိုက်နာဆောင် ရွက်နေပါတယ်၊ သဘာဝပတ်ဝန်းကျင် အစီရင်ခံစာကိုတော့ တင်ထားပြီးပြီး၊ EIA/ SIA/ EMP အစီရင်ခံစာကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရုံးကို ဇူလိုင်လကတည်းက တင်ထားပါတယ်၊ အခုလောလောဆယ်ကျတော့ မကျသေးဘူး” ဟုပြောသည်။

မွန်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့်စီမံကိန်း ၂၆ ခုရှိပြီး ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ပြုလုပ်ထားမှု မရှိသေးကြောင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပသည့် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မေးခွန်းအား ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် စက်ရုံ၊ အလုပ်ရုံစစ်ဆေးခြင်း ၂၄ ကြိမ်၊ ရွှေသတ္တုလုပ်ကွက်များစစ်ဆေးခြင်း ၄ ကြိမ်၊ လမ်းခင်းကျောက်လုပ်ငန်းများစစ်ဆေးခြင်း ၈၂ ကြိမ်၊ ဟိုတယ်လုပ်ငန်းများစစ်ဆေးခြင်း ၁၉ ကြိမ်၊ အုတ်လုပ်ငန်းများစစ်ဆေးခြင်း ၁၈၈ ကြိမ် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းကမ္မဏီပေါင်း ၃၃၀ ကျော် ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts