Homeသတင်းအင်အားကြီးမားသူများတာဝန်မသိပါက နိုင်ငံဒုက္ခကြီးမားစွာရောက်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အင်အားကြီးမားသူများတာဝန်မသိပါက နိုင်ငံဒုက္ခကြီးမားစွာရောက်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

-

နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2 )တွင် ဇန်နဝါရီလနှစ်ဆန်း ၁ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း-ငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk) တွင် အင်အားကြီးမားသူများတာဝန်မသိပါက နိုင်ငံအနေဖြင့်ကြီးမားစွာဒုက္ခရောက်နိုင်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ဒီမိုကရေစီစနစ်မှာ ပြည်သူရဲ့အင်အား အင်မတန်မှကြီးမားပါတယ်၊ ပြည်သူကိုအခြေခံတဲ့စနစ်ပါ၊ အင်အားကြီးမားလေလေ တာဝန်သိသိနဲ့ ဒီအင်အားကိုသုံးရလေလေဖြစ်တယ်၊ အင်အားကြီးမားတဲ့လူများဟာ တာဝန်မသိဘူးဆိုရင် နိုင်ငံအင်မတန်မှဒုက္ခရောက်ပါတယ်၊ အင်အားနည်းတဲ့သူတွေ တာဝန်မသိတော့ ဒုက္ခရောက်တာ သေးသေးလေးပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိဂုံးချုပ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း(Myanmar State Counsellor Office)
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များစကားဝိုင်း(Myanmar State Counsellor Office)
အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk) သို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြု လူငယ် ၁၆ ဦး၊ မသန်စွမ်းကိုယ်စားပြု လူငယ် ၁ ဦး၊ အမျိုးသမီးကိုယ်စားပြုလူငယ် ၁ ဦး တို့နှင့်အတူ ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၀င်များတက်ရောက်ခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြားMRTV အပြင် Myanmar State Counsellor Office Pageလူမှုကွန်ယက်အင်တာနက် Facebook တွင် Live တိုက်ရိုက်လွှင့်ထုတ်နေစဉ် Online ဖြေကြားမှုများပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။  

စစ်ပွဲများရပ်တန့်ရန် များများပြောပေးကြရန် လိုအပ်ကြောင်းနှင့်တချို့နားလေးနေသူများအတွက် များများပြောပေးမှ ကြားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုုကြည်က လူငယ်များအား တိုက်တွန်းပြောကြားလိုက်သည်။

မကွေးတိုင်းမှ လူငယ်တစ်ဦးက “ဒီလိုပွဲမျိုးကို နေပြည်တော်မှလုပ်တာထက် ပြည်နယ်နဲ့တိုင်းတွေအသီးသီးမှာ လူငယ်တွေပိုမိုပါဝင်တဲ့ လူငယ်စကားဝိုင်းတွေ ပိုမိုလုပ်စေချင်ပါတယ်၊ အဲဒီအပြင်ကို အမေကိုယ်တိုင်ပါမကဘဲနဲ့ ကာချုပ်ကိုယ်တိုင်ပါ ထိုင်ပြီးတော့ ကျနော်တို့နဲ့ အမေးအဖြေလုပ်နိုင်ရင် ပိုမိုအဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးမှုတွေ ဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပြောသည်။

 

အလားတူ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် စစ်တပ်ကို အစိုးရ အမိန့်အောက်မှာ ထားရှိရန်လိုအပ်ကြောင်း  လူငယ်တစ်ဦး၏ ပြောဆိုဆွေးနွေးမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုသည့်အချက်နှင့် ရှောင်လွဲပြောဆိုခဲ့ပြီး လူထုကိုမထိခိုက်သည့်နည်းနှင့်ပြောင်းလဲမည်ဆိုပါကအချိန်ယူရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောကြားခဲ့သည်ကို တွေ့ရသည်။

 

မြန်မာနိုင်ငံတွင် ပထမအကြိမ်စတင်ကျင်းပသော အဆိုပါငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk) တက်ရောက်သည့်လူငယ်များကိုအစိုးရက ရွေးချယ်ဖိတ်ကြားထားခြင်းဖြစ်ပြီး ကချင်၊ ကယားနှင့် ချင်း ပြည်နယ်မှ လူငယ်ကိုယ်စားလှယ်များ အချိန်မှီမတက်ရောက်နိုင်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts