Homeသတင်းရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့တို့ မိနစ်ပိုင်းခန့်ထိတွေ့ပစ်ခတ်မှုဖြစ်

ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့တို့ မိနစ်ပိုင်းခန့်ထိတွေ့ပစ်ခတ်မှုဖြစ်

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေးဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးရှိ ကြောင်လျှာကွင်းတွင် ဒီဇင်ဘာ ၂၀ ရက်နေ့၊ နေ့ လည် ၁၂ နာရီဝန်းကျင်ခန့်က မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့တို့ မိနစ်ပိုင်းခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း ဒေသခံနှင့် မွန်ပြည်သစ်ပါတီတာဝန်ရှိသူတို့မှသိရသည်။

“ထိခိုက်မှုအခြေနေတော့ အတိကျမသိသေးဘူး။ ဖြစ်တဲ့နေရာနဲ့ကျနော်တို့ရှိတဲ့နေရာက အလှမ်းဝေးနေတော့ အသေးစိတ်အချက်အလက်ကို ကျနော်တို့အတိအကျ မပြောနိုင်သေးဘူး။ တိုက်ပွဲဖြစ်တာကတော့ ဟုတ်ပါ တယ်”ဟု မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးနယ်နိမိတ်အစပ်(MNA)
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးနယ်နိမိတ်အစပ်(MNA)
အဆိုပါတိုက်ပွဲဖြစ်သည့်နေရာသည် သမ္မတဦးသိန်းစိန်လက်ထက် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် တပ်မတော်မှမွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ တပ်တည်ဧရိယာသတ်မှတ်ထားသည့်နေရာဖြစ်ပြီး KNU တပ်ဖွဲ့၏ သစ်ထုတ်လုပ်နေသည့်နေရာနှင့်လည်း နီးစပ်နေသည်ဟု အဆိုပါ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ဆက်ပြောသည်။

KNU ဘိတ်-ထားဝယ်ဆက်ဆံရေးရုံး တာဝန်ခံ ဗဒိုဝင်းခိုင်က “ကျနော်က ထားဝယ်မှာ ရှိနေတာပါ။ ကြောင်လျှာကွင်းမှာ တိုက်ပွဲဖြစ်တာကိုတော့ ကျနော်မသိသေးဘူး” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ သစ်ထုတ်လုပ်မှုပိတ်ပင်တားမြစ်သည့်ဧရိယာအတွင်း KNU သစ်ထုတ်လုပ်သည့်ကိစ္စကြောင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရသည်ဟု မွန်ပြည်သစ်ပါတီမှ တပ်မှူးတစ်ဦးက ပြောသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများပြောကြားသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

ရေဖြူမြို့နယ်တွင် မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့လှုပ်ရှားရာ နယ်မြေဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့တို့ကြား လွန်ခဲ့သည့်စက်တင်ဘာလအတွင်း တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ်၊ ယခုအခါ သုံးကြိမ်မြောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်မရေးထိုးရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts