Wednesday, March 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တောင်ပိုင်းမှ ရာချီရှိသည့် ငွေစုငွေချေးအသင်းဝင်များ ငွေပြန်မရ

    ရေးမြို့နယ်တောင်ပိုင်းမှ ရာချီရှိသည့် ငွေစုငွေချေးအသင်းဝင်များ ငွေပြန်မရ

    -

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတစ်လျှောက် ကျေးရွာများရှိ ငွေစုငွေချေးအသင်း အသီးသီးမှ ထောင်ကျော်ရှိသည့် အသင်းဝင်များသည် သတ်မှတ်ငွေများ ထည့်ဝင်ခဲ့ကြသော်လည်း သတ်မှတ်ကာလ ကျော်လွန်သည်ထိ ပြန်လည်မရရှိကြကြောင်း ၎င်းတို့ထံမှ သိရသည်။

    စုငွေထည့်ဝင်သူများကို အကျိုးဆောင်ကူညီပေးနေသူ ဦးဝင်းမြင့် က “အခုကျနော်စာရင်းပြုစုနေပါတယ်။ ၃၀ဝ ကျော် စာရင်းရပြီးပြီ။ ရွာတွေ အများကြီး ကျန်သေးတယ်။ အားလုံးဆို ထောင်ကျော်တယ်” ဟု ပြောသည်။

    ရေးမြို့နယ်တောင်ပိုင်းများ ငွေစုငွေချေးအသင်းဝင်များ ရေးမြို့မရဲစခန်းရှေ့ရောက်ရှိစဉ်(Aung Naing Win)
    ရေးမြို့နယ်တောင်ပိုင်းများ ငွေစုငွေချေးအသင်းဝင်များ ရေးမြို့မရဲစခန်းရှေ့ရောက်ရှိစဉ်(Aung Naing Win)
    အချို့ကျေးရွာများတွင် စုငွေ ငါးသောင်းကျပ် ထည့်ဝင်ပါက အချိန်ကာလ ၆ နှစ်နှင့် ၆ လ ပြည့်လျှင် အတိုးနှင့်အရင်း စုစုပေါင်း ဆယ်သိန်းကျပ် ပြန်လည်ရရှိမည်ဟုလည်းကောင်း၊ အချို့ကျေးရွာများတွင် စုငွေ သုံးသောင်းကျပ် ထည့်ဝင်ပါက ၇ နှစ်ပြည့်လျှင် ၇ သိန်းကျပ် ရရှိမည်ဟုလည်းကောင်း ဦးဆောင်သူများက လိုက်လံစည်းရုံးရာမှ စိတ်ဝင်စားလာကြရာမှ ငွေစုငွေချေးအသင်းများ ပေါ်လာခဲ့ကြသည်။

    ဦးဝင်းမြင့် က “အဲဒီလို ထည့်တဲ့အထဲမှာ အများအားဖြင့် မုဆိုးမတွေ ပါနေတယ်။ တချို့ဆိုရင် ခရုကောက်ပြီး ရလို့မှ ထည့်တဲ့သူတွေလည်း ပါတယ်။ အဲဒီလို စုဆောင်းပြီးတော့ မရှိမဲ့ ရှိမဲ့ ထည့်ထားကြတာ” ဟု ပြောသည်။

    စုငွေသက်တမ်းပြည့်သည့်အချိန်တွင် စုငွေထည့်ဝင်သူများက အသင်းဦးဆောင်သူများထံသို့ သွားရောက်တောင်းယူကြသော်လည်း ပြန်မပေးသည့်အပြင်၊ တောင်းဆိုသူများကို တာဝန်မဲ့ ပြောဆိုခဲ့သည်ဟုလည်း သူက ပြောသည်။

    စုငွေထည့်ဝင်ပြီး ပြန်မရသူ မိထော်လှာလေးကျေးရွာသားတစ်ဦးက “သူတို့ စည်းရုံးတုန်းကတော့ အချိန်ပြည့်လို့ မပေးနိုင်ဘူးဆိုရင် အိမ်ရှိ အိမ်သိမ်း၊ ခြံရှိ ခြံသိမ်းပါလို့ ပြောတယ်။ အချိန်ပြည့်တော့ သွားတောင်းပြန်တော့လည်း ကြိုက်တဲ့နေရာသွားလို့ ပြောတယ်။ မင်းတို့ဟာ တရားမဝင်ဘူး အဲဒီလို မောင်းထုတ်တယ်” ဟု ပြောသည်။

    မိထော်လှာလေးကျေးရွာမှ ငွေစုငွေချေးအသင်းကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် သတ်မှတ်သက်တမ်း ၆ နှစ် ၆ လ ပြည့်သည့်အတွက် သတ်မှတ်ကာလထက် ၃ လကျော်လွန်နေပြီဟုလည်း သူက ပြောသည်။

    ငွေစုသူများဖက်မှ ကူညီဆောင်ရွက်ပေးနေသည့် “လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့” ၏ မွန်ပြည်နယ် တာဝန်ခံ ဦးထွန်းအေး က “ငွေထုတ်ပေးရမယ့်ရက်က ကျော်နေပြီ၊ ရေးတောင်ပိုင်းက ရွာတိုင်းလိုလို အဲလိုခံနေရတယ်။ လက်ရှိမှာ ခံလိုက်ရသူတွေ ၆၀ဝ လောက် ရှိတယ်” ဟု ပြောသည်။

    ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အပါအဝင် ရွာ ၅ ရွာမှ ဒေသခံ ၁၀ဝ ကျော်က အသင်းဦးဆောင်သူများကို အမှုဖွင့် တရားစွဲဆိုနိုင်ရေးအတွက် ရေးမြို့နယ်တရားရုံးနှင့် ရေးမြို့မ ရဲစခန်းသို့ လာရောက်ကြသည်။

    “စခန်းကတော့ ခုချိန်ထိ အေးအေးဆေးဆေးပဲ။ သူတို့ (ခေါဇာရဲစခန်းမှ တာဝန်ရှိသူ) ပြောတာက ဘယ်သူမှ မပြောနဲ့၊ ပြန်ရအောင် လုပ်ပေးပါ့မယ်။ ခင်ဗျားတို့ ရွာမှာ လျှောက်မပြောပါနဲ့၊ တရားခံတွေ ပြေးကုန်လိမ့်မယ်” ဟု ရဲစခန်းမှ ကြုံတွေ့ရသည်ကို ဦးဝင်းမြင့် က ပြောသည်။

    လက်ရှိတွင် ငွေကြေးရယူထားသူများကို တရားစွဲဆိုနိုင်ရန်အတွက် သက်သေခံကတ်ပြားများကို မိတ္တူဆွဲခြင်း၊ စာစီခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ အလားတူ ငွေစုသက်တမ်းမပြည့်သေးသည့် ရေမြို့နယ်တောင်ပိုင်းရှိ အခြားကျေးရွာများမှ ငွေစုငွေချေးအသင်းဝင်များလည်း ယခုကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိပြီး၊ ဖြစ်ပေါ်လာပါက အကူအညီပေးပါရန် မိမိအား အကူအညီတောင်းထားကြောင်း သူကဆက်ပြောသည်။

    လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ (မွန်ပြည်နယ်) အနေနှင့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခေါဇာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးထံ လိပ်မူပြီး၊ သာသနာဖွံ့ဖြိုးရေး ငွေစုငွေချေးရန်ပုံငွေအသင်း အမည်ခံပြီး လိမ်လည်နေသူများကို ထိရောက်စွာအရေးယူပေးရန် တိုင်ကြားထားကြောင်း၊ အလားတူ မိမိအနေနှင့်လည်း ဖြစ်စဉ်နှင့် ပတ်သက်၍ ခေါဇာရဲစခန်းသို့ တိုင်ကြားထားခဲ့ကြောင်း သို့သော်လည်း သိသာထူးခြားမှု မတွေ့ရှိရသေးကြောင်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks