Homeသတင်းမွန်ပြည်သစ်ပါတီထားဝယ်ခရိုင်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲပြုလုပ်ခဲ့

မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲပြုလုပ်ခဲ့

-

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဒေသခံမွန်အဖွဲ့အစည်းအသီးသီးတို့ သိရှိနားလည်စေရန် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ ဦးဆောင်ပြီးလူထုတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်အား နိုဝင်ဘာလ (၉) ရက် နေ့ကမွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဝယ်ဇင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရေးမြို့နယ်အတွင်းရှိမွန်စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊မွန်လူငယ်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းကိုယ်စားလှယ် စုစုပေါင်း(၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြရာ လက်ရှိငြိမ်းချမ်းရေးအခြေအနေနှင့်ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး ကိစ္စအပါအဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကိုလည်း အဓိကထားဦးတည်ဆွေးနွေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ သိရသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် လူထုတွေ့ဆုံပွဲ (Htaw Naieain Facebook)
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် လူထုတွေ့ဆုံပွဲ (Htaw Naieain Facebook)
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး နိုင်ထော်ရွတ်က”မွန်လူထုတွေအနေဖြင့် ဖက်ဒရယ်အကြောင်း နားလည်အောင်၊မိမိလူမျိုးအချင်းချင်း ကြားမှာ ညီညွတ်မှုရရိှဖို့၊ နောက်တစ်ချက်ကပင်လုံညီလာခံလိုမျိုး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်လာရင်လည်းမိမိတို့တစ်သံတည်း ထွက်လာဖို့၊ ယနေ့ကာလမှာမွန်လူငယ်တွေအများစုမှာ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်အဖြစ်ကနေလွတ်မြောက်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာဆွေးနွေးအဖြေရှာခဲ့တယ်” ဟု ပြောသည်။

နိုင်ငံရေးတွေ့ဆုံပွဲများတွင် အစိုးရ၊ နိုင်ငံရေးပါတီနှင့်တိုင်းရင်းသာလက်နက်ကိုင် (၃) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ UNFC ၏ဖက်ဒရယ်မူ၊ မွန်အမျိုးသားကျောင်းများတွင် မူးယစ်ဆေးဝါးကင်းစင်ကြောင်းဆိုင်းဘုတ်များ တပ်ဆင်သွားရန်နှင့် နှစ်လတစ်ကြိမ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲ ဆက်လက်လုပ်ဆောင်သွားရန်စသည့်သဘောတူညီမှု (၄) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ငြိမ်းချမ်းရေးကို ရရိှနိုင်တဲ့အခြေအနေအထိ ရောက်အောင်အားလုံး ညီညီညွှတ်ညွတ်နဲ့ ပူးပေါင်းလုပ်ဆောင်သွားချင်လို့ အခုလိုတွေ့ဆုံဆွေးနွေးပွဲလုပ်တာပါ” ဟု အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲ တက်ရောက်ဆွေးနွေးခဲ့သူ နာဲအောင်ဘက ပြောသည်။

အလားတူဆွေးနွေပွဲကိုလည်း နိုဝင်ဘာလ တတိယပတ်တွင်တနင်္သာရီတိုင်းဒေသကြီးရှိ ရေဖြူမြို့နယ်၌ ထပ်မံပြုလုပ်နိုင်ရန်စီစဉ်ထားကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ သိရသည်။

မွန်ပြည်သစ်ပါတီသည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသော UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts