ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည့် ရေးမြို့ အဏ္ဏဝါအဝေးပြေးကားဝင်းကို နိုဝင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ကားဝင်းနှင့် ဆိုင်ခန်များ ဆောက်လုပ်ထားမှု အရည်အသွေး လိုအပ်ချက်များ ရှိကြောင်း သက်ဆိုင်သူများက တင်ပြလာခြင်းကြောင့် ပြင်ဆင်ရဦးမည် ဖြစ်သည့်အတွက် မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ညွန့် က မြို့နယ်စည်ပင်အဖွဲ့ တာဝန်ရှိသူများ၊ ယာဉ်လိုင်းကိုယ်စားလှယ်များတွင် တွေ့ဆုံပြီးနောက် ဖွင့်ပွဲပြုလုပ်ရန် မသင့်တော်သေးကြောင်း ကောက်ချက်ချ ပြောကြားခဲ့သည်။
သူက “မြို့နယ်စည်ပင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကန်ထရိုက်နဲ့ ဆိုင်ခန်းရှင်တွေနဲ့အတူ သင့်တင့်တဲ့ အဖြေရဖို့ အပြေအလည် ညှိဖို့လိုပါမယ်” ဟု ပြောသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကားဝင်းဆောက်လုပ်ခဲ့သည့် ကောင်းစုအေးကုမ္ပဏီ၊ မြို့နယ်စည်ပင်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဆိုင်ခန်းရှင်များ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ကုမ္ပဏီဖက်မှ ထိုက်သင့်သည့် ပြင်ဆင်မှုများ ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
ကောင်းစုအေးကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးဇော်ဇော်နေဝင်း က “တင်ဒါဈေးက 1 square တစ်သောင်းနှုန်းပဲ ရှိတယ်။ အဲဒါနဲ့ ဖြစ်မြောက်အောင် ဆောက်ခဲ့ရတာပါ” ဟု ပြောသည်။
ခရီးသည်တင်ကားများနှင့် ကုန်တင်ကားကြီးများ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကားဝင်းသို့ ဝင်ရောက်ရန် မြို့နယ်စည်ပင်မှ အကြောင်းကြားထားသော်လည်း၊ ကားအသင်း ကိုယ်စားလှယ်များ၊ ပိုင်ရှင်များနှင့် ဆိုင်ခန်း ဝယ်ယူထားကြသူများက ဆောက်လုပ်ထားမှု အရည်အသွေး မပြည့်မီခြင်းကြောင့် လူနေရန် မသင့်တော်ကြောင်း ဝေဖန်ကြပြီး၊ ကားဝင်းအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်သေးကြောင်း ပြောသည်။
ထိဏ်လင်း ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူ ဦးကျော်ဝင်း က “အဆင့်မြင့် လူနေခန်းတွေလို့ ဆိုထားတော့ အဆင့်တအားမြင့်ရမယ်လို့ မဆိုလိုပါဘူး။ သာမန်အနေအထားထိပေါ့။ ခုဟာက ခင်ရှင်းရှင်းပြောရရင် လူနေဖို့ မသင့်တော်တဲ့၊ မဆောက်ခင်က ဖြိုဖျက်ဖို့သင့်တဲ့ အဆောက်အဦးလို့ အမည်တပ်ရင် ပိုပြီး သင့်တော်မယ်” ဟု ပြောသည်။
၎င်းပြင် ကားဝင်းအတွင်းသို့ ၂၇ တန်ရှိ ၁၂ ဘီးကားများ ဝင်ရောက်ရပ်နားပါက ယခုလက်ရှိခင်းထားသည့် ကွန်ကရစ်မှာ ခံနိုင်အား မရှိဘဲ၊ အက်ကွဲသွားနိုင်ကြောင်းလည်း သူက ထောက်ပြသည်။
၎င်းက “ခုခင်းထားတဲ့ ကွန်ကရစ်ရဲ့ ခံနိုင်အားက ဒီနေ့လား၊ မနက်ဖြန်လား၊ ဒါမှမဟုတ် ၃ နှစ်လား၊ ၅ နှစ်လား၊ အာမခံချက်တစ်ခုခုကတော့ ပေးဖို့ လိုလိမ့်မယ်၊ တာ၀န်ယူမှု၊ တာ၀န်ခံမှုတော့ လိုလိမ့်မယ်” ဟု ပြောသည်။
ကားအသင်း ကိုယ်စားလှယ်များ၊ ပိုင်ရှင်များနှင့် ဆိုင်ခန်း ဝယ်ယူထားကြသူများ၏ တင်ပြမှုအပေါ် စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ သင့်တော်မည့်အချိန် ရောက်မှသာ ကားဝင်းအတွင်း ကားများ ဝင်ရောက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးမျိုးလွင်က ပြောသည်။
သူက “ကော်မတီက အရည်အသွေးစစ်ဆေးတဲ့အဖွဲ့ ရှိမယ်၊ တစ်ခန်းချင်းအလိုက် တင်ပြမှုတွေအပေါ် လုပ်ပေးသွားမယ်” ဟု ပြောသည်။
ရေးမြို့ အဏ္ဏဝါအဝေးပြေးကားဝင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် တင်ဒါခေါ်ယူရာတွင် ရာမညကုမ္ပဏီက ကျပ် (၉၈၃၀ ဒသမ ၂) သိန်းနှင့် ကောင်းစုအေးကုမ္ပဏီက (၆၄၅၀) သိန်းဖြင့် တင်ဒါလျှောက်ထားခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ေရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် စည်ပင်ကော်မတီများ ပါဝင်သည့် တင်ဒါရွေးချယ်ရေးအဖွဲ့က ရေးမြို့ အခြေပြု ကောင်းစုအေးကုမ္ပဏီအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကောင်းစုအေးကုမ္ပဏီသည် သံဖြူဇရပ် အဝေးပြေးကွင်း ဆောက်လုပ်ရာတွင်လည်း တင်ဒါအောင် ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခံရမှု နည်းပါးကြောင်း သိရသည်။
ဧရိယာ ၄.၃ ဧကခန့် ကျယ်ဝန်းသည့် ယခုအဝေးပြေးကားဝင်းတွင် ဆိုင်ခန်းပေါင်း ၅၄ ခန်း ပါဝင်ပြီး၊ လက်ရှိဈေးနှုန်းအရ ယခင်ကားဝင်းဟောင်းမှ အခန်းပိုင်ရှင်များကို ငွေကျပ် သိန်း ၅၀ ဖြင့်လည်းကောင်း၊ ကျန်ဆိုင်ခန်းများကို အချက်အချာနေရာပေါ် မူတည်ပြီး အမြင့်ဆုံး သိန်း ၃၀၀ ထိ သတ်မှတ်ထားပြီး၊ ကုန်တင်ကားအသင်းအချို့နှင့် ယာဉ်လိုင်းအချို့တို့က ဝယ်ယူရန် အခက်အခဲရှိနေကြောင်း သိရသည်။