Homeသတင်းမွန်အမျိုးသားပါတီ MNP ဥက္ကဌနုတ်ထွက် အကြောင်းကြားစာပေးပို့

မွန်အမျိုးသားပါတီ MNP ဥက္ကဌနုတ်ထွက် အကြောင်းကြားစာပေးပို့

-

မွန်အမျိုးသားပါတီ MNP ဥက္ကဌ နိုင်ငွေသိမ်း၏ ပါတီမှရာသက်ပန်နုတ်ထွက်လွှာစာတမ်းကို ၄င်းပါတီ၏ ဥက္ကဌအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့များ လက်ခံအတည်ပြုပေးမည်ဟုယုံကြည်ကြောင်း စက်တင်ဘာ ၂၇ နေ့စွဲဖြင့် ကိုယ်တိုင်လက်မှတ်ရေးထိုးပေးပို့သော အကြောင်းကြားစာမိတ္တူတစ်စောင် မွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။

မိမိအနေဖြင့် ပါတီမပြိုကွဲရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း မိမိအားတာဝန်ပေးအပ်သောပုဂ္ဂိုလ်များသည် ပါတီရှင်သန်ရေးအတွက် ဆန့်ကျင်လျက်လုပ်ဆောင်နေသည်ကို တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပါတ်မှနုတ်ထွက်ရန်အကြိမ်ကြိမ်ကြိုးစားသော်လည်း ပါတီထိန်းသိမ်းပေးရန်၊ ဆက်လက်နေထိုင်ရန်တိုက်တွန်းသဖြင့် ပါတီတွင် နေထိုင်တာဝန်ထမ်းခဲ့ကြောင်း နိုင်ငွေသိမ်း အကြောင်းကြားစာတွင် ရေးသားဖော်ပြထားသည်။

 မွန်အမျိုးသားပါတီ MNP ဥက္ကဌနုတ်ထွက်စာ(Copy)
မွန်အမျိုးသားပါတီ MNP ဥက္ကဌနုတ်ထွက်စာ(Copy)

ထို့အပြင် နိုင်ငွေသိမ်းက “ရွေးကောက်ပွဲပြီးသည့်အခါ ဥက္ကဌဝင်များနှင့်အတွင်းရေးမှူးများကိုတင်ပြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခွင့်မပေးခဲ့ကြောင်း၊ သို့သော် ယနေ့အချိန်တွင် အသက်လည်းကြီး၊ ဇရာဖိစီး အမြင်အာရုံလည်းမကောင်းတော့ပါကြောင်း၊ မိမိအမြင်အာရုံမကောင်းခဲ့သည်ကို အခွင့်ကောင်းယူ၍ မိမိအားရုပ်ပြအကြောင်းပြု၍ ပါတီတွင်းဝင်ရောက်ခြယ်လှယ်မှုများကိုတွေ့ရပါသည်” ဟု ရေးသားထားသည်။

သို့ပါ၍ အထက်ဖော်ပြပါအခက်အခဲများကို မိမိဝေဒနာကြောင့် မည်သို့မျှပြန်လည်ကုစားလို့မရနိုင်ပါကြောင်း၊ ဆက်လက်၍ ပါတီတွင်း မိမိရှိနေသမျှကာလပတ်လုံး နာမည်ခံရုပ်ပြ အရောင်းစားခံ ဆက်လက်ဖြစ်နိုင်ခြေရှိသည့်အတွက် မွန်အမျိုးသားပါတီမှ ရာသက်ပန်နုတ်ထွက်လိုက်သည်ဟု အကြောင်းကြားပါသည် စသည်ဖြင့်ရေးသားထားသည်ကို တွေ့ရသည်။

မွန်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်စိုးမြင့်က “ ဥက္ကဌကြီး နိုင်ငွေသိမ်းရဲ့ နုတ်ထွက်စာကို လက်ခံရရှိပါတယ်၊ ဒီကိစ္စကို လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ကြမယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ပါတီရွေးကောက်ပွဲမှ မွန်အမျိုးသားပါတီ MNP ဗဟိုကော်မတီဝင် ၉၃ ဦးရွေးချယ်တင်မြောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိတွင် ဗဟိုကော်မတီဝင် ၈၀ ဦးကျော် ကျန်ရှိနေသည်ဟု သိရသည်။
ဥက္ကဌအဖြစ် နိုင်ငွေသိမ်း ဦးဆောင်သော မွန်ဒီမိုကရေစီပါတီ MDP ကို ၂၀၁၂ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခွင့်ရရှိခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၌ မွန်အမျိုးသားပါတီ MNP အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားပါတီ(ယခင် မွန်ဒီမိုကရေစီပါတီ) မဖွဲ့စည်းမီ ယခင် ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဖွဲ့စည်းခဲ့စဉ်တွင် နိုင်ငွေသိမ်း ဒုဥက္ကဌ(၁) ဖြစ်ခဲ့ပြီး ဥက္ကဌ နိုင်ထွန်းသိန်း ဖြစ်သည်။

နိုင်ငွေသိမ်းသည် ၁၉၄၅ ခုနှစ်များမှစတင်၍ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၁၉၄၈-၅၈) တွင် ပါဝင်ထမ်းဆောင်ခဲ့သူ ဝါရင့်မွန်အမျိုးသားခေါင်းဆောင် အသက် ၉၃ နှစ်ကျော် ရှိပြီဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts