Homeသတင်းသေနတ်ထိမှန် ၃ တန်းကျောင်းသူမအိသဇင်ဖြိုး အောက်ပိုင်းလှုပ်ရှားမရဟုဆို

သေနတ်ထိမှန် ၃ တန်းကျောင်းသူမအိသဇင်ဖြိုး အောက်ပိုင်းလှုပ်ရှားမရဟုဆို

-

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းရွာမှ ပြီးခဲ့သည့်ဇူလိုင်လအတွင်း ၃ တန်းကျောင်းသူ မအိသဇင်ဖြိုး သေနတ်ထိမှန်၍ ရန်ကုန်ဆေးရုံးကြီး၌ ဆေးကုသခံယူခဲ့ပြီးဖြစ်သော်လည်း ကိုယ်ခန္ဓာအောက်ပိုင်းလှုပ်ရှားမရတော့ဟု သိရသည်။

အဆိုပါ မအိသဇင်ဖြိုး၏ ရင်ဘက်မှစ၍ အောက်ပိုင်းခြေထောက်များအထိ လှုပ်ရှားမရဖြစ်နေသောကြောင့် ကျောင်းဆက်တက်ရန် မဖြစ်နိုင်ကြောင်း အဖွားဖြစ်သူ ဒေါ်ညွန့်ငယ်ကပြောသည်။

သေနတ်ထိမှန် ၃ တန်းကျောင်းသူမအိသဇင်ဖြိုး(မင်းသစ်)
သေနတ်ထိမှန် ၃ တန်းကျောင်းသူမအိသဇင်ဖြိုး(မင်းသစ်)

“သူကကျောင်းတက်ချင်တယ်တဲ့ ဒါဆိုရင် လမ်းလျောက်ပေါ့လို့ပြောတာကို လျောက်လို့မှ မရတာတဲ့ ဘယ်လိုလုပ်မလဲတဲ့ သူပြောတယ်၊ သူများတွေ စာမေးပွဲဖြေပြီး စာအကြောင်းပြောရင် သူမျက်ရည်ကျတယ်” ဟု ဒေါ်ညွန့်ငယ်က ဆက်ပြောသည်။

မအိသဇင်ဖြိုးသည် ဦးစောအဲဝေါ်နှင့် ဒေါ်မိုးသူဇာတို့၏ သမီးဖြစ်ပြီး အဖွားဖြစ်သူအတွက် ဈေးသွားဝယ်စဉ် အိမ်နီးနားချင်းနေ အရက်မူးနေသူ ဦးပီးဆိုသူ သေနတ်ပတ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

သေနတ်ပစ်ခတ်သူ ဦးပီးကို သံဖြူဇရပ်မြို့မရဲစခန်း၌ ဖမ်းဆီးအရေးယူထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့်လည်းကောင်း၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့်လည်းကောင်း အမှုဖွင့်ထားသည်ဟု သိရသည်။

“သက်သေတွေစုံသွားလို့ရှိရင်တော့ တရားရုံးရဲ့ နည်းဥပဒေအတိုင်း စွဲချက်တင်မယ်၊ တင်ပြီးသွားရင် ပြန်ချိန်းမယ်၊ သူဝန်ခံရင် အမိန့်ချရင်ချမယ် ဒါမှမဟုတ် လျောက်လဲချက်ပေးရင်း ပေးခိုင်းမယ်ပေါ့ ဒီ ၁၆ ရက်နေ့မှာ သက်သေစုံပြီးသွားရင် အမိန်ချဖို့တော့ နီးသွားပြီ” ဟု အနင်းကျေးရွာအုပ်စုရဲစခန်းမှူး ရဲအုပ် တိုးမြင့်အောင်က ပြောသည်။

တရားခံဟုယူဆရသူဦးပီးအား ပထမအကြိမ်ရုံချိန်းတွင် တရားလိုပြသက်သေ ၃ ဦး၊ ဒုတိယအကြိမ်ရုံးချိန်းတွင် တရားလိုပြသက်သေ ၄ ဦးတို့အား သံဖြူဇရပ်မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ပြီး လာမည့် စက်တင်ဘာ ၁၆ ရက်နေ့တွင် တရားလိုပြသက်သေ ၄ ဦးတို့ကိုလည်း နောက်ထပ်မံ၍ စစ်ဆေးသွားမည်ဟု အနင်းကျေးရွာအုပ်စုရဲစခန်းမှူးက ပြောသည်။

ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းတွင် ဦးပီးအရက်မူးပြီး ဆုံလည်အမျိုးအစား ပွိုင့် ၂၂ ကိုးလုံးပြူးကို လက်သရမ်းပစ်လိုက်စဉ် မအိသဇင်ဖြိုး၏ ညာဘက်လက်ဖြန်ရိုးပေါ် ထိမှန်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts