spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီသဘောထား တရားဝင်ထုတ်ပြန်ပေးပါရန် AMDP တောင်းဆို

    မွန်ပြည်သစ်ပါတီသဘောထား တရားဝင်ထုတ်ပြန်ပေးပါရန် AMDP တောင်းဆို

    -

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို မွန်လူမျိုးတို့၏အကျိုးစီးပွား ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီ NMSP အသိအမှတ်ပြုသည်ဆိုပါက တရားဝင်သဘောထား ကြေညာချက်ထုတ်ပြန်ပေးရမည်ဟု သတင်းစာရှင်းလင်းပွဲ၌ AMDP ပါတီက ပြောသည်။

    “ကျနော်တို့တောင်းဆိုထားတဲ့ စာထွက်မလာသေးဘူး၊ သူတို့ Press Conference သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ပြီး ကျနော်တို့ကိုအသိမှတ်ပြုတာလည်း မဟုတ်ဘူး၊ အသိမှတ်မပြုဘူး ဆိုတာကိုလည်း ထုတ်မပြောဘူး။ အရင်းတုန်က ကျနော်တို့ကို အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ခဲ့တာ ရှိခဲ့ဘူးတယ်။ အခု ကျနော်တို့ကို အသိမှတ်ပြုကြောင်း သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပေးရင် ကိစ္စပြီးပြတ်ပါတယ် ” ဟု AMDP ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ကျန်ရစ်က ဆိုသည်။

    AMDP သတင်းစာရှင်းလင်းပွဲ(MNA)
    AMDP သတင်းစာရှင်းလင်းပွဲ(MNA)

    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ AMDP ပါတီဌာနချုပ်တွင် ဇူလိုင်လ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် ဗဟိုအလုပ်အမှုဆောင် နိုင်ကျန်ရစ် ဦးဆောင်ပြီး တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှူး (၂) နိုင်သန်းရွှေတို့ သတင်းစာရှင်းလင်းပွဲလုပ်၍ ပြောကြားခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ ဦးဆောင်၍ မကြာမီကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်အတွက် AMDP ပါတီနှင့် ဇွန်လ (၈) ရက်နေ့တွင် တွေ့ဆုံကာ နှစ်ပါတီအကြား အသိအမှတ်ပြုရေးကို တောင်းဆိုခဲ့ကြသည်။
    မွန်အမျိုးသားကွန်ဖရင့်သို့ ပြည်တွင်မွန်နိုင်ငံရေးပါတီများမှ (၄၀) ဦး ဖိတ်ကြားရန် စီစဉ်ထားသည်ဟု မွန်ပြည်သစ်ပါတီက ဆိုထားသော်လည်း ဖိတ်ကြားစာရရှိမှသာ AMDP ပါတီဆုံးဖြတ်မည်ဟု နိုင်စံတင်က ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို မွန်လူမျိုးတို့၏အကျိုးစီးပွားကို ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီ NMSP သတ်မှတ်ထားကြောင်း ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ဇူလိုင်လ ၁၂ ရက်နေ့ မော်လမြိုင်မြို့၊ နိုင်ရွှေကျင်စာကြည့်တိုက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဖြစ်သည်။

    “ကျနော်တို့တွက်ထားတာက ဆောင်ရွက်မှု ပြီးသလောက်တော့ ပြီးသွားပြီ။ ဆောင်ရွက်တယ်ဆိုတာက သူတို့သိရှိစေဖို့။ အဓိက ပြည်သူလူထု သိဖို့ပဲဆိုတော့ ပြည်သူလူထုထံသို့ ကျနော်တို့အရောက် ပို့ပေးပြီးပြီ။ ဒါက သူတို့ကိုလည်း ဆုံးဖြတ်ချက်စာ ပြထားပြီးပြီပဲ” ဟု နိုင်ဝင်းလှက ဆိုသည်။
    လက်ရှိဖြစ်ပျက်ပေါ်နေသည့်အခြေအနေကို မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်သို့ ပုံမှန် အစီရင်ခံလျက်ရှိပြီး တိုးတက်မှုတစ်စုံတစ်ရာရှိပါက ထပ်မံရှင်းပြမည်ဖြစ်ကြောင်း နိုင်ဝင်းလှက ဆိုသည်။

    အဓိကအင်အားကြီး မွန်နိုင်ငံရေးပါတီဖြစ်ကြသည့် မွန်အမျိုးသားပါတီ MNP အား မဟာမိတ်ပါတီအဖြစ်၄င်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP အား မွန်လူမျိုးတို့၏အကျိုးစီးပွားကို ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ်၄င်း မွန်ပြည်သစ်ပါတီ NMSP က အဆင့်အတန်းသတ်မှတ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts