Homeသတင်းမွန်တွင် ဆိုင်းငံ့ထားသည့် စီမံကိန်းများ ပြန်လည်စိစစ်ပြီးမှသာ လုပ်သင့်/မသင့် ဆုံးဖြတ်မည်

မွန်တွင် ဆိုင်းငံ့ထားသည့် စီမံကိန်းများ ပြန်လည်စိစစ်ပြီးမှသာ လုပ်သင့်/မသင့် ဆုံးဖြတ်မည်

-

မွန်ပြည်နယ်တွင် ယခင်အစိုးရလက်ထက်က ဆိုင်းငံ့ထားသည့် လုပ်ငန်း စီမံကိန်း ၆ ခုကို ပြန်လည်စိစစ်ပြီးမှသာ ဆက်လုပ် မလုပ်ဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်ပြီး လက်ရှိချိန်ထိ ဆိုင်းငံ့ထားဆဲဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

ယခင်အစိုးရလက်ထက်က မွန်ပြည်နယ်တွင် ဆိုင်းငံ့ထားသည့် စီမံကိန်း ၆ ခုရှိပြီး ပြည်ထောင်စု အဆင့် လုပ်ဆောင်ရမည့် စီမံကိန်း ၃ ခုနှင့် ပြည်နယ်အဆင့် လုပ်ဆောင်ရမည့် စီမံကိန်း (၃) ခု ပါဝင်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး(MNA)
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး(MNA)
“ဆိုင်းငံ့ထားတဲ့ စီမံကိန်းတွေက လက်ရှိအခြေအနေမှာ ဘာမှမလုပ်ရသေးဘူး၊ သူတို့ကတော့ အဆိုလာပြုနေတာရှိတယ်၊ ပြန်လည်စိစစ်ပြီးမှ လုပ်သင့် မလုပ်သင့်ကို အစိုးရအဖွဲ့က ဆုံးဖြတ်ရမယ်” ဟု ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

အဆိုပါ ဆိုင်းငံ့ထားသည့် ပြည်ထောင်စုအဆင့် စီမံကိန်း ၃ ခုမှာ ဘီလင်းသကြာစက်ရုံ၊ နိုင်ငံခြားရင်းနှံးမြုပ်နှံမှုဖြင့် အတ္တရံမြစ်ရေကို သန့်စင်၍ ရေဖြန့်ဝေခြင်းလုပ်ငန်းကို BOT စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း၊ မုဒုံမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်း စီမံကိန်းနှင့် ပြည်နယ်အဆင့် လုပ်ဆောင်မည့် စီမံကိန်း ၃ ခုမှာ မော်လမြိုင် သစ်ပုံဆိပ် အိမ်ရာစီမံကိန်း၊ မော်လမြိုင်ဟိုတယ်များ အဆင့်မြင့်တင်ရေး စီမံကိန်းနှင့် ဘိုကုန်းရပ် အဆင့်မြင့်ဟိုတယ် တည်ဆောက်မည့် စီမံကိန်း တို့ဖြစ်သည်။

ပြည်ထောင်စုက လုပ်ဆောင်မည့် စီမံကိန်းသည် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ပြီး ပြည်နယ်အဆင့် လုပ်ဆောင်မည့်စီမံကိန်းကိုတော့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က လုပ်ငန်းအကောင်အထည်ဖော်ကြမည်ဖြစ်သည်။

အဆိုပါ ဆိုင်းငံ့စီမံကိန်းများကို ဆိုင်းငံ့ကြောင်းညွှန်ကြားချက် ပြန်လည်ရုတ်သိမ်းလိုက်မှသာလျင် စီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယခင်အစိုးရလက်ထက်က ဆိုင်းငံ့ထားသည့် စီမံကိန်းလုပ်ငန်းစဉ် ၆၈ ခုရှိသည်ဟု ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစား၌ ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts