Homeသတင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို့တွင်တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို့တွင်တွေ့ဆုံ

-

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌ အင်ဘန်လဦးဆောင်သည့် အဖွဲ့ဝင်များ ဇူလိုင် ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ညနေ ၃ နာရီအချိန်မှ ၂ နာရီနီးပါးကြာခန့် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရန်ကုန်ရုံးခွဲတွင် ရင်းနှီးသောမိသားစုဝင်များအဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook စာမျက်နှာ၌ ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်များ အမှတ်တရဓါတ်ပုံ(Hla Maung Shwe)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ခေါင်းဆောင်များ အမှတ်တရဓါတ်ပုံ(Hla Maung Shwe)

အထူးသဖြင့် မြောက်ပိုင်းဒေသများတွင် တပ်မတော်မှ တိုင်းရင်းသားလူမျိုးများအား ထိုးစစ်ဆင်နေခြင်းကို ရပ်တန့်ပေးရန်၊ စစ်ပဋိပက္ခတွင်ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးမှ စစ်မှန်သည့် တစ်နိုင်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တပြိုင်တည်းကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်း UNFC ခေါင်းဆောင်များ ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် UNFC ကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ NCA အပါအဝင် ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အားလုံးပူးပေါင်းမှုဆိုင်ရာ ချဉ်းကပ်ပုံချဉ်းကပ်နည်းများနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်ဟုလည်း UNFC ကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။

အဆိုပါတွေ့ဆုံကြရာတွင် UNFC ဥက္ကဋ္ဌ အင်ဘန်လ၊ နိုင်ထောမွန်၊ ခွန်းအေဘယ်တွိဒ်၊ ဗိုလ်ချုပ်ဆေထင်၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation – DPN ခေါင်းဆောင် ခူဦးရယ်အပါအဝင် အဖွဲ့ဝင်(၈)ဦး တက်ရောက်ကြသည်။

အစိုးဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးကျော်တင့်ဆွေ၊ ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲသည် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရေးဖြစ်သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်နားထောင်သူ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ရွှေသိန်းက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

လာမည့်သြဂုတ်လမကုန်မီကျင်းပရန်စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ရေးဆိုရာတွင် NCA လက်မှတ်ရေးထိုး၊ မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့အနက် မည်သည့်အဖွဲ့များ ပါဝင်တက်ရောက်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts