spot_img
Wednesday, January 28, 2026
More
    spot_img
    Homeသတင်းAMDP ကို မွန်အကျိုးဆောင်ရွက်သောပါတီအဖြစ် NMSP သတ်မှတ်ထား

    AMDP ကို မွန်အကျိုးဆောင်ရွက်သောပါတီအဖြစ် NMSP သတ်မှတ်ထား

    -

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို မွန်လူမျိုးတို့၏အကျိုးစီးပွားကို ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီ NMSP သတ်မှတ်ထားကြောင်း ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ဇူလိုင်လ ၁၂ ရက်နေ့ မော်လမြိုင်မြို့၊ နိုင်ရွှေကျင်စာကြည့်တိုက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ NMSP နဲ့ AMDP မဟာမိတ်ဖြစ်ရေးကို ကျနော်တို့ပါတီအနေနဲ့ ကြိုးပမ်းနေတယ်၊ ဘယ်အတိုင်းအတာအထိ ပူးပေါင်းနိုင်မလဲ အဲဒီအပေါ်မှာအခြေခံပြီး အသိအမှတ်ပြုကြမယ်၊ညှိနိုင်းတိုင်ပင်ကြမယ်၊ ခေါင်းဆောင်အချင်းချင်း တွေ့ဆုံကြမယ်၊ ခေါင်ဆောင်များ၏ သဘောထားအတိုင်း အောက်ခြေအဖွဲ့အစည်းတွေ လိုက်နာဆောင်ရွက်ပါက မဟာမိတ်အဖြစ် ဖြစ်နိုင်ကြောင်း” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ဆိုသည်။

     နိုင်ဝင်းလှ ရှင်းလင်းနေစဉ်(Minmin Nwe)
    နိုင်ဝင်းလှ ရှင်းလင်းနေစဉ်(Minmin Nwe)

    ပြီးခဲ့တဲ့မေလတွင် မွန်ပြည်သစ်ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့သော ဗဟိုကော်မတီအစည်းအဝေး၌ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် စပ်လျဉ်း၍ ပြည်တွင်း မွန်နိုင်ငံရေးပါတီနှစ်ပါတီအား ညှိနှိုင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်ချမှတ်ကာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) သည် မွန်လူမျိုးတို့၏အကျိုးစီးပွားအတွက် ဆောင်ရွက်နေသော နိုင်ငံရေးပါတီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

    “တကယ်ပဲပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့ကို အသိအမှတ်ပြုတယ်ဆိုရင် ကျနော်တို့ပါတီအတွက် သဘောထားထုတ်ပြန်ပေးသင့်တယ်၊ အမြန်ထုတ်ပြန်ပေးပါ၊ ထုတ်ပြန်ပြီးမှသာ ရှေ့ဆက်လက် တွေ့ဆုံဆွေးနွေးမှုတွေ အခြားသောလုပ်ငန်းများကို ဆောင်ရွက်လို့ရမှာ” ဟု AMDP ပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှစ်ဖက်သောပါတီကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ရာ မွန်ပြည်သစ်ပါတီ၏ သဘောထားကို ထုတ်ပြန်ပေးပါရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တောင်းဆိုမှုများ ရှိခဲ့သည်။

    ၁၉၉၅ ခုနှစ် အပစ်ရပ်စဲမှုကတည်းက မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ရွှေကျင်နှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဥက္ကဌ နိုင်ထွန်းသိန်း လက်ထက်၌ နှစ်ပါတီမဟာမိတ်ဖွဲ့ခဲ့သဖြင့် MNDF နာမည်ပြောင်း လက်ရှိ မွန်အမျိုးသားပါတီ MNP နှင့် NMSP တို့ မဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု သိရသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ရွေးကောက်ပွဲမဝင်သဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဖြစ်ပေါ်လာကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲက မွန်ဒီမိုကရေစီပါတီ MDP ဖြင့် ပါတီမှတ်ပုံတင်ရရှိခဲ့ပြီးနောက် မွန်အမျိုးသားပါတီအမည်သို့ ပြောင်းလဲခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အင်အားကြီး မွန်နိုင်ငံရေး ၂ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ MNP ၃ ဦးနှင့် AMDP ၁ ဦးသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks