Homeသတင်းရေးမြို့ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ် ယခုလအတွင်းအပ်နှံတော့မည်

ရေးမြို့ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ် ယခုလအတွင်းအပ်နှံတော့မည်

-

မွန်ပြည်နယ် ရေးမြို့တွင် မြတ်သူရကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သည့် ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ်အား တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပြီဖြစ်၍ ယခုလအတွင်း ပြန်လည်အပ်နှံတော့မည်ဟု ကုမ္ပဏီ၏ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဝင်းထံမှ သိရသည်။

ရေးမြို့ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ်(MNA)
ရေးမြို့ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ်(MNA)

တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဝင်းက “လုပ်ငန်းအပိုင်းကတော့ အားလုံးပြီးနေပြီ၊ ဒီ ဇူလိုင်လအတွင်းမှာပဲ လုပ်ငန်းပြန်အပ်တော့မယ်၊ ဘယ်နေ့ကတော့ အတိအကျမပြောတတ်ဘူး၊ ဒီလမှာပဲ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ်သည် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ခရိုင်အဆင့် ဆေးရုံတစ်ခုဖြစ်ပြီး သထုံခရိုင်ဆေးရုံပုံစံအတိုင်း ဆောက်လုပ်ထားသည်ဟု ရေးမြို့နယ်ဆေးရုံအုပ်ကြီး ဒေါ်မေဆန်းချိုက ပြောသည်။

“အခုလက်ရှိအသုံးပြုနေတဲ့ ဆေးရုံဟောင်းမှာ ကုတင် ၅၀ ရှိတယ်၊ လူနာဦးရေက ၆၀- ၇၀ လောက်ရှိနေတယ်၊ ဒါပေမယ့် ဆရာမတို့ အဆင်ပြေသလို လုပ်ဆောင်ပေးထားပါတယ်” ဟု ဒေါ်မေဆန်းချိုက ဆိုသည်။

ဆေးရုံများ၏ဖွဲ့စည်းပုံအရ တိုက်နယ်အဆင့် ၁၆ ကုတင်ဆံ့ ၊ မြို့နယ်အဆင့် ၂၅ မှ ၅၀ ကုတင်နှင့် ခရိုင်အဆင့် ကုတင် ၁၀ဝ ဆံ့ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ရေးမြို့သည် ခရိုင်အဆင့်သတ်မှတ်နိုင်မည့်အနေအထားရှိနေကြောင်း ရေးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်အတွင်းရှိ လူဦးရေ ၂ သန်းကျော်ရှိသည့်အနက် မော်လမြိုင်မြို့နယ်ပြီးသည့်နောက် ရေးမြို့နယ်လူဦးရေ ၂ သိန်းကျော် ဒုတိယလူဦးရေအများဆုံးဖြစ်နေသည်။

အဆိုပါ ရေးမြို့ကုတင် ၁၀ဝ ဆံ့ဆေးရုံသစ်သည် ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ ချပေးခဲ့သည့် ဘတ်ဂျက်ရန်ပုံငွေကျပ်သိန်း ၁၀,ဝ၀ဝ ဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts