spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းMCL ဘိလပ်မြေစက်ရုံအနီးတဝိုက်ကျေးရွာများတွင် တွေ့ဆုံရှင်းလင်းပွဲပြုလုပ်နေ

    MCL ဘိလပ်မြေစက်ရုံအနီးတဝိုက်ကျေးရွာများတွင် တွေ့ဆုံရှင်းလင်းပွဲပြုလုပ်နေ

    -

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ အကြံပေးအဖွဲ့ တစ်ခုဖြစ်သည့် Resource and Environment Myanmar နှင့့်ပူးပေါင်းပြီး ဘိလပ်မြေစက်ရုံအနီးတဝိုက် ကျေးရွာများတွင် ဒေသခံလူထုများနှင့် တွေ့ဆုံရှင်းလင်းပွဲများ ပြုလုပ်နေသည်ဟု သိရသည်။

    အဆိုပါတွေ့ဆုံပွဲများတွင် ဘိလပ်မြေစက်ရုံ၏ တည်ဆောက်မှုအခြေအနေများ၊ သဘာဝပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်ရေး အစီအစဉ်များနှင့် ဒေသခံများအတွက် MCL မှ ဆောင်ရွက်ပေးခဲ့သော လုပ်ဆောင်ချက်များကို Resource and Environment Myanmar မှတဆင့် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း MCL ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Wijit Terasarun က ပြောသည်။

    “ဒီဆွေးနွေးပွဲတွေဟာ MCL နဲ့ ဒေသခံများ ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်နိုင်အောင် ရည်ရွယ်ထားတဲ့ အတွက် ဒေသခံများရဲ့ ခံစားချက်များနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် သူတို့ရဲ့အကြံပေး ချက်များကိုလည်း လက်ခံရယူသွားဖို့ စီစဉ်ထားပါတယ်” ဟု Mr. Wijit Terasarun က ပြောသည်။

    MCL လူထုတွေ့ဆုံပွဲ၊ ကော့ဒွန်းကျေးရွာ(မွန်ထော်)
    MCL လူထုတွေ့ဆုံပွဲ၊ ကော့ဒွန်းကျေးရွာ(မွန်ထော်)

    ယင်းတွေ့ဆုံပွဲများကို ဖေဖော်ဝါရီလ (၇) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ ကော့ဝမ်း၊ ကော့ဒွန်၊ ကော့ပနော့၊ ကွမ်ငန်း၊ ကတုံစိစသည့် ဘိလပ်မြေစက်ရုံအနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကျင်းပပြုလုပ်နေဆဲဖြစ်သည်။

    Mr. Wijit Terasarun က “ဒီတပတ်ထဲမှာတော့ MCL နားမှာရှိတဲ့ ကျေးရွာ ကိုးရွာ၊ ဆယ်ရွာလောက်မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ကျိုက်မရောမြို့နယ်အတွင်းမှာလည်း ဒေသခံနဲ့ အစိုးရဘက်မှ တာဝန်ရှိသူများနဲ့ တွေ့ဆုံဖို့ စီစဉ်ထား ပါတယ်” ဟု ပြောသည်။

    ထိုအပြင် ၄င်းတို့ဘိလပ်မြေစက်ရုံစီမံကိန်းလုပ်ငန်းစဉ်နှင့် အစီအစဉ်၊ လုပ်ဆောင်ချက်များကို ဒေသခံများနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို လွန်ခဲ့သည့်သုံးနှစ်ကတည်းက စဉ်ဆက်မပြတ်တင်ပြခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။

    သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ အကြံပေးအဖွဲ့ Resources and Environment Myanmar သည် ဘိလပ််မြေစက်ရုံမတည်ဆောက်မီ ၂၀၁၃ ခုနှစ်တွင် MCL ၏ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း (Environment Impact Assessment – EIA) ကို ကောက်ယူခဲ့သော အဖွဲ့အစည်းဟု သိရသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ပရိုဂရမ်ဒါရိုက်တာ မင်းအဲမွန်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုင်းဟာ SIA/EIA ဝင်ရမယ်၊ ဒါကအရေးကြီးတယ်၊ ဒီအတွက် သူတို့လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်နာဆောင်ရွက်မှုရှိမရှိဆိုတာကို ကျနော်တို့အတည်ပြုလို့မရဘူး၊ သူတို့ရဲ့သတင်းစာရှင်းလင်းပွဲတွေ၊ ထုတ်ပြန်ချက်တွေမှာတော့ EIA/ SIA လုပ်ပါတယ်လို့ ပြောနေတာပဲ” ဟု ဆိုသည်။

    ထို့အပြင် MCL အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှု Environmental Impact Assessment-EIA နှင့် လူမှု အကျိုးစီးပွားဆိုင်ရာ လေ့လာစမ်းစစ်မှု Social Impact Assessment-SIA များမှ ရရှိလာသောအချက်အလက်များကို ဒေသခံများအား ပွင့်လင်းမြင်သာမှုရှိရှိ ချပြရန်လိုအပ်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “သူတို့ရဲ့ EIA ထဲမှ ကျောက်မီးသွေးသုံးတယ်ဆိုတာ ပါရှိလား၊ သူတို့ရဲ့ EIA Report ကို ကျနော်တို့ကြည့်ရမယ်၊ မပါဝင်ခဲ့ဘူးဆိုရင်တော့ ခုလိုကျောက်မီးသွေးနဲ့စွမ်းအင်ထုတ်လုပ်မယ့်ဟာက နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ချိုးဖောက်တာပဲ” ဟု မင်းအဲမွန်က ဆက်ပြောသည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တရပ်တွင် MCL ဘိလပ်မြေစက်ရုံသည် Integrated Cement Plant ဖြစ်ပြီး စက်ရုံတွင်း လျှပ်စစ်သုံးစွဲရန် ၄၀ မဂ္ဂါဝပ်ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှလည်းကောင်း၊ ၉ မဂ္ဂါဝပ်ကို စက်ရုံမှစွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် ထုတ်ယူမည်ဖြစ်ကြောင်း The Siam Cement Group-SCG အင်တာနက်စာမျက်နှာတွင် ဖတ်ရှုရသည်။

    တစ်ရက်လျှင် ဘိလပ်မြေ တန် ၅ ထောင်နှုန်း၊ တစ်နှစ်လှျင် တန်ချိန်ပေါင်း ၁ ဒသမ ၈ သန်းကျော်ထုတ်လုပ်မည့် အဆိုပါ MCL ဘိလပ်မြေစက်ရုံစီမံကိန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၌ စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခု ၂၀၁၆ နှစ်လယ်ပိုင်းခန့်တွင် စတင်လည် ပတ်နိုင်ရန် မျှော်မှန်းထားသည်ဟု အဆိုပါကုမ္ပဏီတာဝန်ရှိသူ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts