မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးအကင်းမဲ့ဆုံးနေရာကို ပြပါဆိုရင် စာရေးသူအနေနဲ့ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲကို ညွှန်ပြလိုက်ပါမယ်၊ ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ် ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ ရေးမြို့နယ်အတွင်း လူဦး ၂ သိန်း ၆ သောင်းကျော်ရှိတဲ့အထဲမှာ ခေါဇာမြို့နယ်ခွဲက လူဦးရေ ၂၂၀ဝ၀- ကျော်ပဲရှိပါတယ်။ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက် တံငါလုပ်ငန်း၊ ဒူးရင်း၊ ကွမ်းသီးခြံနဲ့ လယ်ယာလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းပြုကြတဲ့ မွန်တိုင်းရင်းသားအများစုနေထိုင်ကြတာပါ။
ဒီဒေသမှာနေထိုင်ကြသူတွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကနေ ပစ္စုပ္ပန်ယနေ့ကာလအထိ တရားဥပဒေစိုးမိုဆိုတာကို လုံးဝမခံစားခဲ့သေးပါဘူး၊ ယခု ၁၀ စုနှစ်ထဲမှာ အဓိကခြိမ်းခြောက်နေတာက ပြန်ပေးဓါးပြကိစ္စတွေပါပဲ၊ ၂၀ဝ၀ ခုနှစ်အလွန်ကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပြန်ပေးအဖွဲ့တွေကလည်း တစ်ကြိမ်တည်း ၃ ဖွဲ့ထက်မနည်းရှိခဲ့ပါတယ်၊ နိုင်စောင်း၊ နိုင်လွန်၊ ချမ်းဒိန်း၊ မွန်ချမ်း စတဲ့ ခေါင်းဆောင်နာမည်အလိ်ုက် နာမည်ကြီးဓါးပြအဖွဲ့တွေရှိခဲ့ပါတယ်။
ခေါဇာမြို့နေ အသက် ၇၀ ကျော်ရှိပြီဖြစ်တဲ့ နိုင်မြ(အမည်ရင်းမဟုတ်) က “ဒို့တစ်သက်လုံး ဒီလိုနဲ့ပဲ ကြောက်ကြောက်နဲ့နေလာခဲ့ရတာပဲ၊ နေသားကျနေပြီ ရိုးနေပြီ၊ မြို့ပေါ်ကိုလည်း မပြောင်းနိုင်ဘူး၊ ငါတို့က အေးအေးဆေးဆေးနေတော့ သိပ်ပြဿနာမရှိဘူး” လို့ ဆိုပါတယ်။
ပြန်ပေးအဖွဲ့တွေကတော့ နှစ်စဉ်ရွာတွေကိုပုံမှန် ဆက်ကြေးတောင်းခံပါတယ်၊ လုပ်ငန်းရှင်၊ ခြံပိုင်ရှင် အထူးသဖြင့် စက်လှေတွေကနေ ဆက်ကြေးကောက်ပါတယ်၊ ရွာကြီးငယ်အလိုက် သိန်း ၅၀၊ သိန်း ၁၀ဝ အထိတောင်းခံပါတယ်၊ ဆက်ကြေးမပေးတဲ့ ရွာအကြီးအကဲတွေကို အဓိကပစ်မှတ်ထားတာပါ၊ ဒါမှမဟုတ် ရွာသားတွေကို ဓါးစာခံလုပ်ပြီး ပြန်ပေးငွေတောင်းပါတယ်။ အကယ်၍ ဆက်ကြေးငွေမပေးရင် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့တွေကို အကူအညီတောင်း(သို့မဟုတ်) အကြောင်းကြားခဲ့ရင် လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။
အိမ်ခြေတစ်တောင်မျှတောင် မရှိတဲ့ခေါ်ဇာမြို့ပေါ်မှာ အစိုးရစစ်တပ်ရင်းတစ်ရင်း၊ ရဲစခန်း၊ အနီးပတ်ဝန်းကျင်မှာ ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိပါတယ်။ သို့သော် ပြန်ပေးအဖွဲ့တွေက မြို့ခံတွေကို မြို့ပေါ်ကနေ ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။၂၀၁၄ ခုနှစ် စက်တင်ဘာလထဲမှာ ခေါဇာမြို့ခံ ၄ ဦး ပြန်ပေးဆွဲခံရပြီး ငွေကျပ်သိန်း ၇၅၀ တောင်းခံခဲ့တဲ့ဖြစ်စဉ်မှာတော့ ဓါးစာခံတွေအသက်ဘေးက ငွေကျပ်သိန်း ၄၀ဝ နဲ့ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေအရ သိရပါတယ်။ ဘယ်လိုနည်းနဲ့လွတ်မြောက်ခဲ့တာကိုတော့ ကာယကံရှင်တွေအနေနဲ့ ဘယ်သူ့ကိုမှလည်း ဖွင့်ပြောလိမ့်မှာ မဟုတ်ပါဘူး။
ယခုနှစ်အတွင်း ဆက်ကြေး၊ ပြန်ပေးတောင်းခံမှုများ(ရေးတောင်ပိုင်း မွန်သံဃာတော်များ ပြုစုခဲ့သော စာရင်း)
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြန်ပေးဓါးပြခေါင်းဆောင် “ချန်းတိန်း(ဆာန်ဍုင်)” ကို မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဖမ်းဆီးရမိပြီး ထွက်ပြေးစဉ် ပတ်ခတ်သေဆုံးခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီဧရိယာထဲ ဝင်ရောက်လာတဲ့ ချန်းတိန်းအဖွဲ့ နိဂုံးချုပ်အဆုံးသပ်ခဲ့ပါပြီ။ ရေးမြို့နယ်အတွင်း ရေး-ထားဝယ် မော်တော်ကားလမ်းမ အရှေ့ဖက်ခြမ်းဟာ အပစ်ရပ်မွန်ပြည်သစ်ပါတီလှုပ်ရှားနယ်မြေ၊ မော်တော်ကားလမ်းမ အနောက်ဖက်ခြမ်းကို တပ်မတော်လှုပ်ရှားဧရိယာလို့ (၁၉၉၅ ခုနှစ်၊နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ သဘောတူညီချက်အရ) ယေဘူယျ သတ်မှတ်ထားပါတယ်။
နောက်တစ်ဖွဲ့ “မွန်ချမ်း” အဖွဲ့ ကျန်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မွန်ချမ်းအဖွဲ့ဝင် ၂ ယောက်ကို ရေးမြို့ တံတားကြီးဂိတ်မှာ တပ်မတော်က ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ရာကနေ လက်နက်များ ဆက်တိုက်ဖမ်းဆီးရမိခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။
“အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦးကို တပ်မတော်၊ ရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးဖော်ထုတ်ရာမှ AK-47 သေနတ်တစ်လက်၊ အဘော်ကျေးရွာ၊ မွေးမြူရေးဇုံအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှ လက်နက်ငယ် ၃ လက်နှင့် ခဲယမ်းအချို့၊ ခေါဇာမြို့တွင် လက်နက်၊ လက်ပစ်ဗုံးနှင့်မိုင်းများ၊ ရေးမြို့ သီရိမာလာရပ်ကွက်နှင့် ရေးမြို့နယ် မြောက်ပိုင်း အာယုတောင်ကျေးရွာတို့တွင် လက်နက်ငယ်များကိုလည်းကောင်း အသီးသီး ဖမ်းဆီရမိပြီး၊ မူးယစ်ဆေးဝါးမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်”လို့လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ သတင်းမှာဖော်ပြပါတယ်။
အမည်မဖော်လိုတဲ့ ရေးမြို့ခံတစ်ဦးကလည်း “တံတားကြီး စစ်ဆေးရေးဂိတ်မှာ မွန်ချမ်းအဖွဲ့က နှစ်ယောက်ကို စစ်တပ်က ဖမ်းမိတာစပြီး ကွင်းဆက်ကို လိုက်တော့ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ လက်ပစ်ဗုံးတွေ၊ မိုင်းတွေ ဆက်တိုက်ဆိုသလို သိမ်းဆည်းနိုင်ခဲ့တယ်။ လက်နက်ငယ် ၁၀ လက်လောက် သိမ်းဆည်းနိုင်ခဲ့တယ်”လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ မွန်ချမ်းနေအိမ်ကို တပ်နှင့် ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း ရှာဖွေရာကနေ မွန်ချမ်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းအချို့နဲ့ မွန်ချမ်းဇနီးထံမှ ငွေကျပ်သိန်း ၁၂၀ ကျော် တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းများတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
အခုဆိုရင် လက်ကျန်တပည့် သိပ်မရှိတော့တဲ့ မွန်ချမ်းဟာ တနင်္သာရီဘက်လား၊ နယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲကိုလား ရောက်ရှိနေတယ်လို့ အတည်ပြုလို့မရတဲ့ သတင်းအရင်းအမြစ်တွေက ပြောဆိုနေပါတယ်။ တဖက်မှာလည်း အာဏာပိုင်တွေက မွန်ချမ်းလက်နက်ချဖို့ ကမ်းလှမ်းထားတယ်လို့ ရေးမြို့ခံတွေကြား ပြောဆိုသံကြားနေရပေမယ့်လည်း အတည်ပြုလို့ မရပါဘူး။
ရေးမြို့ခံ မိတ်ဆွေတစ်ဦးက “မွန်နဲ့ တနင်္သာရီ နယ်စပ်မှာရှိတဲ့ ရာဖူး ဆိုတဲ့ ရွာက ဒေသခံအချို့နဲ့ ဆုံဖြစ်ရင်း စကားပြောဖြစ်တော့ ထူးဆန်းတဲ့ စကားတွေကြားခဲ့ရသဗျ။ ကျွန်တော်က ခင်ဗျားတို့ရွာဘက်မှာ ဓားပြတွေ ဘာသတင်းထူးသေးလဲလို့ မေးမိချိန်မှာ ဘာထူးရမလဲ အမြဲရှိနေတာ ကြားနေတာပဲလို့ဆိုပြီး၊ ခုဆိုရင် ရွာသားအားလုံးက ဓားပြလုပ်ချင်နေကြပြီ။ ဓားပြလုပ်ပြီး အလင်းဝင်လိုက်ရင် ပြီးတာပဲ။ အေးအေးဆေးဆေး ရွာထဲမှာ နေလို့ရတယ်။ အရင်ကဆို ဓားပြကို အကုန်ကြောက်တယ်။ ငွေတောင်း လူသတ် လုပ်ကြတာကိုး။ ခုကျတော့ သူတို့နဲ့ အတူတူ နေနေရတာပဲလေ။ ဓားပြတိုက် ငွေရှာလိုက် ပြီးရင် အလင်းဝင်လိုက်ရင် အစိုးရက ဘာမှ မလုပ်ဘူးလေတဲ့ဗျာ” လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ ရေးမြို့နယ်မှာ စက်တင်ဘာလထဲတုန်းက ဓါးပြအဖွဲ့နဲ့ပတ်သက်ပြီး အလင်းဝင်ခဲ့တဲ့ သူတွေကို ခုအချိန်ထိ လက်နက်မှုနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ယနေ့အချိန်ထိ အမှုဖွင့် တရားစွဲတာတွေ မရှိသေးတာကို တွေ့ရပါတယ်ခင်ဗျား။
“အော် — ဒါနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာ ဘာကိုခေါ်တာလဲဟင်။ တစ်ကယ် သိချင်လို့ပါဗျ” ရေးမြို့ခံ မိတ်ဆွေက အဲဒီလို ဆိုခဲ့ပါကြောင်း။
သမိုင်းနောက်ခံ။ ။ ရေးတောင်ပိုင်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ မွန်တော်လှန်ရေးစတင်ချိန်၌ မွန်ပြည်သူ့တပ်ဦး အခြေခံဒေသ၊ ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဦးနုအစိုးရထံ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ပြီးချိန်တွင် ကရင်တော်လှန်ရေးတပ်ဖွဲ့များဝင်အခြေချ၊ ထိုနောက် ၁၉၇၀ ဝန်းကျင်ကာလ၌ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲရေးသဘောတူညီချက်အရ မွန်တပ်ဖွဲ့များထွက်ခွာခဲ့ရပြီး ၂၀ဝ၀ ခုနှစ်နောက်ပိုင်းတွင် အစိုးရတပ်ရင်း၊ အုပ်ချုပ်ရေးအဖွဲ့ ဝင်ရောက်အခြေချကာ ခေါဇာမြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့သည်။