Homeသတင်းNCA လက်မှတ်ထိုးမည့် ၈ ဖွဲ့အနက် ၃ ဖွဲ့ကို မတရားအသင်းမှ အစိုးရပယ်ဖျက်

NCA လက်မှတ်ထိုးမည့် ၈ ဖွဲ့အနက် ၃ ဖွဲ့ကို မတရားအသင်းမှ အစိုးရပယ်ဖျက်

-

မတရားအသင်းမှ ပယ်ဖျက်ခြင်းအမိန့်ကြေညာချက်(Internet)
မတရားအသင်းမှ ပယ်ဖျက်ခြင်းအမိန့်ကြေညာချက်(Internet)
အိုက်စိုင်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် ၈ အနက် ၃ ဖွဲ့ကို မြန်မာအစိုးရက အောက်တိုဘာ ၁၂ ရက်က မတရားအသင်းကြေညာ ထားခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ကြေညာလိုက်သည်။

မြန်မာအစိုးရ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၅) အောက်တိုဘာ ၁၂ ရက်နေ့စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊တို့ကို မတရားအသင်းကြေညာထားခြင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ပြည်ထဲရေးဝန်ကြီးဌာနက NCA လက်မှတ်ထိုးမယ့် အဖွဲ့ ၈ ဖွဲ့ထဲက သုံးဖွဲ့ကို မတရား အသင်းအဖြစ် ကြေညာထားခြင်းနဲ့အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထား ခြင်း ကနေ ပယ်ဖျက်တဲ့ အမိန့်ကြော်ငြာစာများကို ဒီနေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ ကျန်တဲ့ငါးဖွဲ့က တော့ မူလထဲက မတရားအသင်းကြေညာထားခြင်းမရှိတဲ့အတွက် ပယ်ဖျက်မိန့်ထုတ်ပြန်ခြင်းမရှိပါဘူး”ဟု သူ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်ရှင်းစင်တာ(MICC-2)၌ ပြည်တွင်း ပြည်ပ အသိသက်သေများကို ဖိတ် ခေါ်၍ တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့ နှင့်အစိုးရတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲမတိုင်မီ ၃ ရက်အလိုတွင် အစိုးရမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)လက်မှတ်ရေးထိုးမည့် လက်နက်ကိုင်အဖွဲ့များကို မတရားအသင်းကြေညာထားခြင်းမှ ပယ်ဖျက် ပေး မည်ဟု အောက်တိုဘာ ၄ ရက်နေ့က လက်နက်ကိုင်(၈)ဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ဦးလှမောင်ရွှေက ပြောသည်။

ထို့အတူ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးပါက စာချုပ်ပါ သဘောတူညီချက်များ အရ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်သည့်အတွက် ဒီမိုကရေစီ နှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံ သည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်များနှင့်အညီ တည်ဆောက်သွားမည်ဖြစ်ဟု ကရင် အမျိုး သားအစည်းအရုံး(KNU)က အောက်တိုဘာ ၁၂ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

“ကျွန်တော်တို့ NCA လက်မှတ်ထိုးပြီးရင် စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း နိုင်ငံရေးမူဘောင် ရေးဆွဲကြမယ်။ပြိးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်။ဒါကြောင့် ဒီနိုင်ငံရေးဆွေးနွေးပွဲတွေက နေ ထွက်ပေါ်လာမယ့် ရလာဒ်တွေကို အခြေပြုပြီးတော့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည် ထောင်စုကို တည်ဆောက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောရခြင်းဖြစ်ပါတယ်”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)မှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

လက်မှတ်ရေးထိုးကြမည့် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့တွင် ကရင်အမျိုး သား အစည်းအရုံး(KNU)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ရှမ်း ပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ပအိုဝ်း အမျိုးသားလွတ်မြောက််ရေးအဖွဲ့ချုပ်(PNLO)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ KNU/KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့ ပါဝင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts