spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းကြာအင်းဆိပ်ကြီးမြို့နယ် ရပ်/ကျေး ၆၇ အနက် ၄၁ နေရာမဲပေးခွင့်မရ

    ကြာအင်းဆိပ်ကြီးမြို့နယ် ရပ်/ကျေး ၆၇ အနက် ၄၁ နေရာမဲပေးခွင့်မရ

    -

    ကြာအင်းဆိပ်ကြီးမြို့နယ် (Google Map)
    ကြာအင်းဆိပ်ကြီးမြို့နယ် (Google Map)
    မင်းသုတ – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၆၇ ရှိသည့်အနက် ၄၁ နေရာ မဲပေးခွင့်မရကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မွန်အမျိုးသားပါတီ MNP လွှတ်တော်ကိုယ်စားလှယ်လောင်းများက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA နှင့်တွေ့ဆုံမေးမြန်းချက်တွင် ပြောသည်။

    “လုံခြုံရေးမပေးနိုင်သည့်နေရာ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မခန့်အပ်နိုင်သည့်နေရာနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဖွဲ့စည်းနိုင်သည့်ကျေးရွာအုပ်စုများတွင် မဲပေးခွင့်မရှိ” ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့မေးမြန်းရာတွင် မိမိတို့အားယင်းကဲ့သို့ရှင်းပြခဲ့ကြောင်း မွန်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောကြားသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကြည်လွင်က “ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကျေးရွာအုပ်စု ၅၁ စုနဲ့မြို့ပေါ်ရပ်ကွက် ၁၆ ခုရှိတယ်၊ ကျေးရွာအုပ်စု ၁၀ စုနဲ့မြို့ပေါ်ရပ်ကွက်တွေပဲ မဲပေးခွင့်ရှိတယ်၊ ကျန်တဲ့ ရပ်/ကျေး ၄၁ နေရာက မဲပေးခွင့်မရှိဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လက်ရှိမဲပေးခွင့်မရှိသည့်နေရာများမှာ တောင်ပေါက်ဒေသမွန်ရွာ ၃၄ ရွာအပြင် ဘုရားသုံးဆူ-သံဖြူဇရပ်မော်တော်ကားလမ်းအနီးတဝိုက်ရှိ ကျုံခဝွန်း၊ ဖားပြ၊ လွှတ်ရှမ်း၊ အနန်းကွင်း၊ ဝင်းခန၊ ကျောက်ဘီလူး၊ ကိုးမား၊ ကျွန်းချောင်း စသည့်ကျေးရွာအုပ်စုများ၊ အပလုံ၊ တားဒိန်၊ ထီးဝါးဒို၊ ဗလဲ့ဒွန်ဖိုက်နှင့် ဟလော့ဟနီရွာများ ပါဝင်နေသည်ဟု ဘုရားသုံးဆူဒေသ ရွေးကောက်ပွဲစောင့်ကြည့်ရေးလှုပ်ရှားသူ စောဝါးဂေက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    စောဝါးဂေက “ဒီဒေသအားလုံးမှာ ပြီးခဲ့တဲ့နှစ်က ၂၀၁၄ လူဦးရေစစ်တမ်းကောက်ခဲ့တယ်၊ လူဦးရေစစ်တမ်းကောက်နိုင်ဖို့ လဝကဌာနက မိုးပွင့်အထူးစီမံချက်နဲ့ ဒေသခံ KNU-မွန်ပြည်သစ်ပါတီ အကူအညီရယူပြီး မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေ လုပ်ခဲ့တယ်၊ ဒီရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေခန့်အပ်ဖို့က အစိုးရတာဝန်ပါ” ဟု ပြောသည်။

    အထူးသဖြင့် အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်မရှိသည့်နေရာများသည် ့ မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့များလှုပ်ရှားရာ ဒေသများဖြစ်သော်လည်း အစိုးရနှင့်ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲထားသည့်အတွက် တိုက်ပွဲများဖြစ်ပေါ်မှမရှိခဲ့ဘဲ နယ်မြေအေးချမ်းနေသည်ကို တွေ့ရှိရသည်။

    MNP ကြာအင်းဆိပ်ကြီး(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မင်းထွန်းလွင်က “ကြာအင်းဆိပ်ကြီးမြို့နယ်မှာဆို မွန်၊ ဗမာနဲ့ ကရင် တိုင်းရင်းသား ၃ မျိုးနေထိုင်ကြပါတယ်၊ အခု ဆန္ဒမဲပေးပိုင်ခွင့်မရှိတဲ့နေရာတွေဟာ မွန်နဲ့ကရင်တွေ အများစုနေထိုင်တဲ့ကျေးရွာတွေပဲဖြစ်တယ်၊ ကိုယ့်နိုင်ငံသားတွေ ကျနော်တို့နိုင်ငံသားတွေ မဲပေးခွင့်မရတာဟာ ကျနော်တို့အတွက်ဆုံးရှုံးမှုတွေပဲ” ဟု ပြောသည်။

    သို့ရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်နေထိုင်၍ တဖက်နိုင်ငံ ဘုရားသုံးဆူ(ထိုင်း)ရှိ အလုပ်ရုံသို့နေ့စဉ် နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင်နေကြသော ထောင်နှင့်ချီ အိမ်ထောင်စုစာရင်းမရှိသည့် ခေတ္တပြောင်းရွှေ့နေထိုင်ကြသူများ ဆန္ဒမဲပေးခွင့်ရရှိကြသည်ဟု စုံစမ်းသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks