Homeသတင်းNCA လက်မှတ်ရေးထိုးရာတွင် နိုင်ငံတကာအသိသက်သေ UN အပါအဝင် နိုင်ငံ ၇ နိုင်ငံကို ဖိတ်ခေါ်ထား

NCA လက်မှတ်ရေးထိုးရာတွင် နိုင်ငံတကာအသိသက်သေ UN အပါအဝင် နိုင်ငံ ၇ နိုင်ငံကို ဖိတ်ခေါ်ထား

-

MPC တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ(MPC)
MPC တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ(MPC)
ချစ်မင်းထွန်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးရာတွင် နိုင်ငံတကာ အသိသက်သေများအဖြစ် ကုလသမဂ္ဂ UN အပါအဝင် နိုင်ငံ ၇ နိုင်ငံကို ဖိတ်ခေါ်ထားကြောင်း သတင်းရသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို အောက်တိုဘာလထဲတွင် လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသားများဘက်က အဆိုပြုထားပြီးဖြစ်သည့်အတွက် NCA စာချုပ် လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စမှာ ၉၀ ရာခိုင်နှုန်းလောက်အထိ သေချာသွားပြီးဖြစ်ကြောင်း NCA လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး ညှိနှိုင်းရေးဌာနမှ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးတဲ့အခါမှာ ပြည်ပ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးဖို့အတွက် UN အပါအဝင် ၇ နိုင်ငံကို ဖိတ်ခေါ်ထားပါတယ်။ဒါကလည်း တိုင်းရင်းသားတွေဖိတ်ခေါ်တဲ့ နိုင်ငံတွေကိုဘဲ ကျွန်တော်တို့ ဖိတ်ခေါ်ထားတာပါ။ပြည်တွင်း အသိသက်သေတွေကိုလည်း တိုင်းရင်းသားတွေ အဆိုပြုတဲ့ ပုဂ္ဂိုလ်တွေကိုဘဲ ဖိတ်ခေါ်ထားပါတယ်”ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးဖြစ်ပါက ပြည်ပ အသိသက်သေအဖြစ် UN၊ EU ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် နော်ဝေးနိုင်ငံ၊ ပြည်တွင်း အသိသက်သေများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင် ့ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦး တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။

သို့သော် ထိုင်းနိုင်ငံသည် အာဆီယံနိုင်ငံအဖွဲ့ဝင်ဖြစ်သည့်အတွက် လက်မှတ်ရေးထိုးမည် မရေးထိုးမည်ဆိုသည်ကို မပြောနိုင်သေးကြောင်း၊ အိန္ဒိယနိုင်ငံကလည်း နယ်စပ်ဘက်တွင် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အသိသက်သေအဖြစ် ရေးထိုးမည် မထိုးမည်ကို ဆုံးဖြတ်ခြင်းမရှိသေးကြောင်း MPC တွေ့ဆုံညှိနှိုင်းရေးဌာန၏ ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးက ပြည်တွင်း အသိသက်သေအဖြစ် မိမိကို ဖိတ်ကြားလာပါက အားလုံးပါဝင် လက်မှတ်ရေးထိုးသည့် NCA လက်မှတ်ရေးထိုးပွဲ ဖြစ်မှာသာ ၎င်းအနေဖြင့် အသိသက်သေ အဖြစ် ပါဝင်လက်မှတ်ရေးထိုးသွားမည်ဟု သတင်းမီဒီယားများကို ပြောဆိုထားပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts