Homeသတင်းမွန်ကိုယ်စားပြုအမျိုးသမီးအမတ်လောင်း ၁၉ ဦးယှဉ်ပြိုင်မည်

မွန်ကိုယ်စားပြုအမျိုးသမီးအမတ်လောင်း ၁၉ ဦးယှဉ်ပြိုင်မည်

-

မွန်အမျိုးသမီးနေ့အခမ်းအနား(Internet)
မွန်အမျိုးသမီးနေ့အခမ်းအနား(Internet)
ခတ္တာနန်း – လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီ ၃ ပါတီပါဝင်

ယှဉ်ပြိုင်မည်ဖြစ်ရာ မွန်အမျိုးသားပါတီ MNP အမတ်လောင်း ၁၀ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၅ ဦးနှင့် အမျိုးသမီး(မွန်) ပါတီ ၄ ဦး မွန်ကိုယ်စားပြုအမျိုးသမီးအမတ်လောင်း စုစုပေါင်း ၁၉ ဦးယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၉ ဦးအနက် ပြည်သူလွှတ်တော် (၅) ဦး၊ အမျိုးသားလွှတ်တော် (၁၁) ဦးနှင့် ပြည်နယ်လွှတ်တော်တွင် (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတည်ပြုထားသည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်လွှတ်တော် ရေးမြို့နယ်(၁) မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မိလဝီဟန်က “မွန်အမျိုးသမီးတွေက လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်မှုများပေမယ့် နိုင်ငံရေးမှာတော့ သိပ်အားမရဘူး၊ ဒါကြောင့် အမျိုးသမီးတွေအတွက် ရှေ့ဆောင်လမ်းပြ ပြုလုပ်ပေးနိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်တာ” ဟု ဆိုသည်။

ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF မှ မိနွယ်နွယ်လင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် AMDP ပါတီမှ မိမြင့်သန်း နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် AMDP ပါတီမှ မိမြင့်မြင့်ဝေ တို့သာ မွွန်ပါတီကိုယ်စားပြု အမျိုးသမီးပါတီကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ(၃) ကိုယ်စားလှယ်လောင်း မိခင်ညွန့်ရီ (မိစန္ဒာနန်)က “ကျမတို့မွန်အမျိုးသားပါတီမူဝါက အမျိုးသမီးတွေကို များများပါဝင်စေလိုတယ်၊ ဒါကြောင့် ကိုယ်စားလှယ်လောင်း အရွေးခံဖို့ တင်လာတဲ့လူတွေကိုလည်း အားလုံးပါဝင်ဖို့အတွက် သူတို့ကြိုးစားပေးတယ်၊ ကျမလည်း ဝင်သင့်တယ်ထင်လို့ ဝင်ရောက်ယှဉ်ပြိုင်တာပါ၊ ကျမတို့ပါတီက အမျိုးသမီး ၁၀ ယောက်ဝင်ပြိုင်မယ်” ဟု ဆိုသည်။

မွန်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၁၈) ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၂၈၆ ဦးအနက် အမျိုးသမီး ၅၂ ဦးပါဝင်ကြောင်း သိရသည်။

ယခု ၂၀၁၅ တွင် ရွေးကောက်ပွဲ၌ အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော် ၂၂၈ ဦး၊ အမျိုးသားလွှတ်တော် ၁၁၉ ဦးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး အမတ်လောင်း ၄၄၄ ဦးတို့ကို ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်စာရင်းတွင် တွေ့ရှိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် အမျိုးသမီးအမတ်လောင်း ၁၀၁ ဦး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များအတွက် အမျိုးသမီး အမတ်လောင်း ၂၆ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts