spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းသေနတ်ပစ်ကွင်းအနီးရှိ ခြံမြေများကို သိမ်းယူရန် တပ်ပိုင်မြေဆိုင်းဘုတ် စိုက်ထူ

    သေနတ်ပစ်ကွင်းအနီးရှိ ခြံမြေများကို သိမ်းယူရန် တပ်ပိုင်မြေဆိုင်းဘုတ် စိုက်ထူ

    -

    တပ်ပိုင်မြေမှတ်တိုင်(Internet)
    တပ်ပိုင်မြေမှတ်တိုင်(Internet)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်အနီး အမှတ် (၆၁) ခြေလျင်တပ်ရင်း သေနတ်ပစ် လေ့ကျင့်ရေးကွင်း ပတ်ဝန်းကျင်ရှိ

    ခြံများ တပ်မြေအတွင်း ပါဝင်သည်ဟု ဆိုပြီး တပ်ပိုင်မြေအဖြစ် သိမ်းယူနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ခြံရှင်များက ပြောသည်။

    လွန်ခဲ့သည့် လများတွင် သေနတ်ပစ်ကွင်း ပတ်ဝန်းကျင်ရှိ ခြံရှင် ၁၁ ဦးပိုင် မြေများအနက် အချို့အဝက်ကို သိမ်းယူရန်အတွက် ခလရ (၆၁) မှ တပ်ပိုင်မြေဆိုင်းဘုတ်များ လာရောက်စိုက်ထူထားခဲ့ပြီး၊ သြဂုတ်လ ၅ ရက်နေ့တွင်လည်း ရေးအခြေစိုက် စကခ ၁၉ က ခြံရှင် ၁၁ ဦးကို ခေါ်ယူကာ ၎င်းတို့၏ ခြံများ တပ်ပိုင်မြေတွင် ပါဝင်သည်ကို သိရှိကြောင်း လက်မှတ်ထိုးပေးရန် ဖိအားပေး ပြောဆိုခြင်းများ ရှိခဲ့သည်ဟု ခြံရှင်များက ပြောသည်။

    ခြံရှင်တစ်ဦးက “ကျွန်တော်တို့ ရာဘာခြံတွေဟာ သက်တမ်း ၅ နှစ်ကနေ အနှစ် ၃၀ ကျော် ရှိပြီ၊ ခုမှ ဒီလိုလုပ်တာ ကျွန်တော်တို့အတွက် အများကြီး နစ်နာတယ်၊ ဘယ်လိုမှ လက်မှတ်မထိုးနိုင်ဘူး” ဟု ပြောသည်။

    ခြံရှင်များကမူ တပ်က သိမ်းယူရန် လုပ်ဆောင်နေသည့် မြေများသည် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်မှ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) တရားဝင် ချထားပေးထားသည့် မြေများ ဖြစ်သည်ဟု ပြောသည်။

    မှတ်တမ်းများအရ ၁၉၉၀ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ခလရ (၆၁) သို့ သေနတ်ပစ်ကွင်းအတွက် မြေ (၉၂) ဧကကို လွှဲပြောင်းပေးခဲ့ပြီး၊ ဧက ၂၀ ဝန်းကျင်ကိုသာ သေနတ်ပစ်ကွင်းအဖြစ် အသုံးပြုခဲ့ရာမှ ယခင်နှစ်တွင် မြေဧရိယာ ပြည့်မီခြင်း မရှိဟု ဆိုပြီး ပြန်လည်စိစစ်ပေးရန်အတွက် တပ်ဖက်ဆိုင်ရာမှ သက်ဆိုင်ရာဌာနသို့ အကြောင်းကြားခဲ့သည်။

    ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် မြေယာကော်မတီ အဖွဲ့အစည်းများမှ စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းတိုင်းတာခဲ့ပြီး၊ သေနတ်ပစ်ကွင်းအတွက် လွှဲအပ်စဉ်တွင် သက်ဆိုင်ရာ မြေစာရင်းရုံး၏ မြေပုံစကေးမှားယွင်း ရေးဆွဲခဲ့မှုကြောင့် (၂၁ ဒသမ ၆၇) ဧကသာ ရှိကြောင်း စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြသည်။

    ထိုအဖွဲ့၏ စစ်ဆေးအကြံပြုချက်ကို အခြေခံပြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း မြေပုံစကေးမှားယွင်း ရေးဆွဲခဲ့သည့်အတိုင်း (၂၁ ဒသမ ၆၇) ဧကကိုသာ သေနတ်ပစ်ကွင်းမြေအဖြစ် သတ်မှတ်တင်ပြရန် မွန်ပြည်နယ်၊ မြေစာရင်း ဦးစီးဌာနသို့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားခဲ့သည်။

    အကြောင်းကြားစာ မိတ္တူကို ခလရ (၆၁) အပါအဝင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ရေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့လည်း ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု အကြောင်းကြားစာအရ သိရသည်။

    ၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် တောင်သူများကိုယ်စား ခြံရှင်နှစ်ဦး ဖြစ်သည့် ဦးထွန်းမင်းထွေးနှင့် ဦးဌေးအောင်တို့က ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ “နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ” ဥက္ကဋ္ဌ ဦးဌေးဦးသို့ အသနားခံစာ ပေးပို့ခဲ့ပြီး၊ မေလ ၂၀ ရက်နေ့တွင်လည်း ရေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်း သို့ ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

    ဒေါ်မိမြင့်သန်း ကလည်း ခြံရှင်များ ကြုံတွေ့နေရသည့် မြေယာကိစ္စနှင့် ပတ်သက်၍ ကူညီဖြေရှင်းပေးရန်အတွက် ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း သို့ လိပ်မူကာ တောင်းဆိုခဲ့သည်။

    သို့သော်လည်း စကခ (၁၉) နှင့် ခလရ (၆၁) တပ်ရင်းများက သေနတ်ပစ်ကွင်းမြေ (၉၂) ဧက ပြည့်မီစေရန်အတွက် ခြံ ၁၁ ခြံမှ မြေအချို့ကို သိမ်းယူရန် ဆက်လက်လုပ်ဆောင်လျက် ရှိသည်ဟု ခြံရှင်များက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks