Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းသံဖြူဇရပ်မြို့နယ် မွန်ပြည်သူကိုယ်စားပြုဆိုသူ တစ်သီးပုဂ္ဂလအမတ်လောင်းတစ်ဦးရွေးချယ်ထား

သံဖြူဇရပ်မြို့နယ် မွန်ပြည်သူကိုယ်စားပြုဆိုသူ တစ်သီးပုဂ္ဂလအမတ်လောင်းတစ်ဦးရွေးချယ်ထား

-

11838992_866152430138083_6587489000084748372_oဝံသမွန် – လာမည့်၂၀၁၅ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ၌ မွန်ပြည်သူကိုယ်စားပြုဟုဆိုသူ တစ်သီးပုဂ္ဂလ အမတ်လောင်းတစ်ဦးအား

ရွေးချယ်ထားကြောင်း သိရသည်။

မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ MNP တို့မှ ရွေးချယ်ထားသော သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ အရည်အချင်းကို လက်မခံနိုင်သော မွန်အမျိုးသားရေးလှုပ်ရှားသူ ၅၀ ခန့်က သံဖြူဇရပ်၊ မွန်ဓမ္မာရုံတွင် ၃ ရက်ကြာဆွေးနွေးပွဲပြုလုပ်ပြီး သြဂုတ်လ ၅ ရက်နေ့၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ် နိုင်ပန်းမောင်အား မွန်ပြည်သူကိုယ်စားပြုဟုဆိုကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“အမတ်လောင်းရွေးချယ်ရာမှာ လွှတ်တော်ထဲမှာ ပါဝင်ဆွေးနွေးနိုင်သူ ဖြစ်ရမယ်၊ ပညာအရည်အချင်းကတော့ အနည်းဆုံး အထက်တန်းအောင်ရမယ်၊ ပြီးတော့မွန်လူမျိုးတွေရဲ့ အခွင့်အရေးကို တောင်းဆိုတင်ပြရဲတဲ့သူ ဖြစ်ရမယ်၊ ဒီအချက်တွေအပေါ်မူတည်ပြီးတော့ ရွေးချယ်သွားမှာ ဖြစ်တယ်”ဟု ယင်းအမတ်လောင်းရွေးချယ်ရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်လင်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

ယင်းအမတ်လောင်းရွေးချယ်ရေးအဖွဲ့တွင် သံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့၊ နွေရာသီမွန်စာ သင်ကြားရေးအဖွဲ့မှ လူငယ်များနှင့် မွန်အမျိုးသားနေ့ကျင်းပရေးအဖွဲ့တို့ ပူးပေါင်းပြီး မွန်ပြည်သူကိုစားပြု လွှတ်တော်အမတ်လောင်းရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု ကိုနိုင်လင်းက ပြောသည်။

သို့ရာတွင် အဆိုပါ မွန်ပြည်သူကိုစားပြု လွှတ်တော်အမတ်လောင်းရွေးချယ်ရေးကော်မတီသည် “လွတ်လပ်သော မွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့” M 23 နှင့် မသက်ဆိုင်ကြောင်း သူကဆက်ပြောသည်။

သံဖြူဇရပ်မြို့မှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသည့် အမည်မဖေါ်လိုသူတစ်ဦးက “ မွန်ကိုယ်စားပြုအမတ်လောင်း ၃ ဦးဖြစ်နေတော့ တစ်ဦးမှလည်း အပြတ်အသတ်နိုင်မယ့်ပုံမရှိပါဘူး၊ ဒီအတိုင်းဆို ပါတီကြီးတွေကပဲ အောင်ပွဲခံဖို့သေချာသလောက်ရှိနေပြီ” ဟု ဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မွန်အမျိုးသားပါတီ MNP မှ ဒေါ်ချောစုလတ်နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ နိုင်သန်းရွှေတို့အား လျာထားကြောင်း သက်ဆိုင်ရာပါတီများမှ သိရသည်။

အလားတူ ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သန်းဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဉာဏ်ဟိန်းတို့က သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသီးသီးယှဉ်ပြိုင်ကြမည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားအဖြစ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ ဦးသိန်းအောင် ရွေးချယ်ခံခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts