spot_img
Monday, May 20, 2024
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်သူ ၂၀ ဦး ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရ

    အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်သူ ၂၀ ဦး ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရ

    -

    တိုင်ကြားစာ(Copy)
    တိုင်ကြားစာ(Copy)

    အာကာ – ရေးမြို့နယ်တွင် တည်ဆောက်ရန် လျာထားသည့် အံဒင်ကျောက်မီးသွေး ဓါတ်အားစက်ရုံ စီမံကိန်းကို ထောက်ခံသူအချို့က မိမိတို့အား ခြိမ်းခြောက်သည်ဟူသော တိုင်ကြားမှုဖြင့်

    နှစ်ကရုတ်ကျေးရွာ ဥက္ကဋ္ဌ အပါအဝင် စီမံကိန်း ကန့်ကွက်သူ ၂၀ ဦးကို ရေးမြို့မ ရဲစခန်းတွင် ဇွန်လ ၁၃ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

    ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က “ဖြစ်စဥ်အမှန်ကို သိရှိအောင် ခေါ်မေးတဲ့ သဘောပါပဲ” ဟု ပြောသည်။

    ယခင်က စက်ရုံ စီမံကိန်းအတွက် မြေယာများကို လိမ်လည်ဝယ်ယူမှု ဖြစ်ပွားခဲ့သည့် နှီးတရုတ်ကျေးရွာ၌ စီမံကိန်း ထောက်ခံသူတစ်ဦး ဖြစ်သည့် သာဂရမ်ရွာသူ မရီဌေးက မေလ ၁၅ ရက်နေ့တွင် မြေယာကိစ္စနှင့် ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်နေသည်ကို ဒေသခံများက ကျောက်မီးသွေးစက်ရုံ အလိုမရှိ ကြွေးကြော်သံများဖြင့် ဝိုင်းဝန်းကန့်ကွက်ရာမှ လူစုလူဝေးအသွင် ဖြစ်ပွားခဲ့ပြီး၊ ယင်းဖြစ်ရပ်ကို မေလ ၂၅ ရက်နေ့ ရက်စွဲဖြင့် မရီဌေး၊ ဦးသာတေ၊ ဒေါ်ကြည်လင်း၊ မခင်ခင်ထွေး (၄) ဦးတို့က ရေးမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

    တိုင်ကြားစာတွင် “သာဂရမ်ကျေးရွာနေ မရီဌေးသည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိစ္စတွင် စက်ရုံဖြစ်မြောက်ရေးအတွက် ထောက်ခံသူတစ်ယောက် ဖြစ်ပါသည်” ဟု ပါရှိသည်။

    ၎င်အပြင် “မရီးဌေးမှာ လယ်မြေရှိပြီး (၁၅- ၅- ၂၀၁၅) ရက်နေ့တွင် နှီးကရုတ်ကျေးရွာသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ရရှိရန်အတွက် လယ်နီးနားချင်း၊ မိတ်ဆွေလယ်သမားများထံသို့ သွားရောက်တိုင်ပင်ကြရာ ထိုအချိန်တွင် ကျေးရွာ (ရာအိမ်မှူး) ဖြစ်သူ ဦးအောင်မြင့်ရှိန်း က ပြဿနာရှာကာ ကျေးရွာအသီးသီးမှ အကြမ်းဖက်လူမိုက်များကို စုပေါင်းကာ မရီဌေးကို ရန်လိုရန်ဖွဲ့ ခြိမ်းခြောက်၍ မရီဌေးမှာ တိမ်းရှောင်ထွက်ပြေးပြီး ဦးသာတေ၊ ဒေါ်ကြည်လင်း နေအိမ်ပေါ်သို့ အကူအညီတောင်းကာ နေရတော့သည်” ဟု ပါရှိသည်။

    “ထို့အပြင် ဦးသာတေ၊ ဒေါ်ကြည်လင်းတို့ နေအိမ်ပေါ်သို့ ထပ်မံ၍ ဦးအောင်မြင့်ရှိန်း ဦးဆောင်သည့် လူမိုက်များက အိမ်ကို ဝိုင်းရံ ခြံစည်းရိုးဖျက်ဖြိုခြင်း၊ အိမ်ပေါ်သို့တက်၍ တုတ်ဆွဲဓားဆွဲဖြင့် သတ်မည်ဖြတ်မည်ဟု ကြိမ်းမောင်းကာ — “ စသည်ဖြင့်လည်း တိုင်ကြားစာတွင် ပါရှိသည်။

    အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ရှင် က ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မိမိအနေနှင့် သိသိချင်း သွားရောက်ခဲ့ကြောင်း၊ လူစုလူဝေး ဖြစ်သွားသည့် သဘောသာ ဖြစ်ပြီး၊ တိုင်ကြားစာတွင် ပါရှိသည့် အချက်များမှာ မဟုတ်မှန်ကြောင်း၊ ကျောက်မီးသွေးစက်ရုံကိစ္စ ထောက်ခံသည်ကို အပြစ်မပြောလိုကြောင်း၊ စီမံကိန်း ကန့်ကွက်မှု အရှိန်မြင့်တက်နေချိန်တွင် ယခုကဲ့သို့ မြေယာကိစ္စကို မလုပ်သင့်သေးကြောင်း ပြောသည်။

    တိုင်စာအရ ရေးမြို့မ ရဲစခန်းက မေလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဦးအောင်မြင့်ရှိန်း ကို ပြစ်မှုပုဒ်မ ၄၄၇၊ ၄၅၁၊ ၅၀၆ များဖြင့် အမှုဖွင့်ခဲ့ပြီး၊ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်သိန်း က လာရောက်စစ်ဆေးခြင်း ဖြစ်သည်။

    စစ်ဆေးခံရသည့် ဒေသခံများအား လိုက်ပါကူညီဆောင်ရွက်ပေးသူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က “ဘယ်အတွက် ဘယ်လိုပံုစံနဲ့ စစ်ဆေးရေး ၀င်တာလဲ ဆိုတာကို အစစ်ခံရတဲ့ သူတွေကို ရှင်းလင်းပြောပြခဲ့ခြင်း မရှိခဲ့ဘူး။ လိုက်ပါကူညီတဲ့ ကျွန်တော့်အနေနဲ့ မေးမြန်းတော့လည်း တိတိကျကျ ပြောမပြခဲ့ဘူး” ဟု ပြောသည်။

    ခေါ်ယူစစ်ဆေးစဥ်တွင် တိုင်ကြားချက် ဖြစ်စဥ်နှင့် ပတ်သက်၍ ကိုယ်တိုင် ပါဝင်မှု ရှိ မရှိ၊ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့ခြင်း ရှိ မရှိ၊ ခြိမ်းခြောက်ခဲ့ခြင်း ရှိ မရှိ စသည်တို့ကို စစ်မေးခဲ့သည်ဟု ဦးအောင်မြင့်ရှိန်း က ပြောသည်။

    အံဒင်ကျောက်မီသွေးစက်ရုံ စီမံကိန်းကို ထိုင်းနိုင်ငံ အခြေစိုက် တိုယိုထိုင်း ကုမ္ပဏီက ဒေါ်လာသန်း ၂၇၀၀ ရင်းနှီး ဆောက်လုပ်ကာ လှျပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ်ရန် လျာထားပြီး၊ ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ၊ လှျပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

    ထိုစီမံကိန်းကို ဒေသခံများက အစဥ်တစိုက် ကန့်ကွက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က ဦးဆောင်ကာ အင်အား ၅၀၀ ဝန်းကျင်ဖြင့် ရေးမြို့တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့သည့်အပြင် မေလ ၅ ရက်နေ့တွင်လည်း ဒေသခံများ ဦးဆောင်ပြီး အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် စီမံကိန်းကို ကန့်ကွက်ကြောင်း အင်အား ၆၀၀၀ ဝန်းကျင်ဖြင့် လူထုဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်သူ ၂၀ ဦး ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရ

    ဆက်စပ်သတင်း

    1 COMMENT

    1. အံဒင်ရွာ ကျေက်မီးသွေးထောက်ခံသူအား ခြိမ်းခြောက်မှုဖြင့် ခေါ်ယူစစ်ဆေးခံရသည့်သတင်းသည် တင်ပြပုံအရရော အကြောင်းအရာပိုင်းပါ ပြောစရာမရှိပါ၊ ပြီးပြည့်စုံသည်ဟု မြင်ပါသည်၊ သို့သော် ဒီသတင်းဖတ်ပြီး အံဒင်ရွာသည် ဗမာရွာဟု ခံစားမိပါသည်၊ သတင်းရေးသူ သုံးသွားသည့်လူအမည်များအားလုံး၏အရှေ့တွင်( ဦး )ဟု အကုန်လုံးတပ်ဆင် အသုံးပြုထားသဖြင့် မိမိအနေဖြင့် ဒီသတင်းသည် မြန်မာပြည်အလယ်ပိုင်းက သတင်းများလားတောင် ထင်မိပါသည်။ အမှန်တွင် အံဒင်ရွာသည် မွန်ရွာဖြစ်ပြီး ရွာရှိလူအားလုံးသည် မွန်လူမျိုးများ ဖြစ်သည်ကို ယုံမှားစရာမရှိချေ၊ သို့ဖြင့် သတင်းသမားအနေအဖြင့် မွန်လူမှိုးဖြစ်က မိမိတို့မွန်လူမျိုးတို့၏သကေတအထိမ်းအမှတ်အဖြစ်( နိုင် ) ကို သုံးသင့်ပြီး ဗမာဖြစ်က( ဦး)ကို သုံးသင့်သည်၊ ထို့ကြောင့် အုပ်ချုပ်ရေးမူး ဦးမောင်ရှင်အစား နိုင်မောင်ရှင်ဖြစ်သင့့်ပါသည်၊ သို့မှသာလျှင် အံဒင်သည် မွန်ရွာဖြစ်ကြောင်း စာဖတ်သူနားလည်နိုင်ပါသည်။
      နာဲဗါန်

    Leave a Reply to နာဲဗါန္ Cancel reply

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts