spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းခြောက်နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး မွန်ပြည်နယ် ဒုတိယသို့ လျောကျ

    ခြောက်နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး မွန်ပြည်နယ် ဒုတိယသို့ လျောကျ

    -

    imagesတက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့ရာ မွန်ပြည်နယ်သည် ခြောက်နှစ်ဆက်တိုက်

    အောင်ချက်အကောင်းဆုံးအဖြစ် ရပ်တည်ခဲ့ရာမှ ဒုတိယအောင်ချက် အကောင်းဆုံးသို့ လျောကျခဲ့သည်။

    ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မွန်ပြည်နယ်မှ ၁၈၁၇၀ ဦး ဝင်ရောက် ဖြေဆိုသည့်အနက် ၇၈၈၆ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၄၃ ဒဿမ ၄၀ ရာခိုင်နှုန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးနောက် အောင်ချက်ကျခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ဆရာကြီးတို့ရဲ့ ပြည်နယ်က ခြောက်နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးနဲ့ ရပ်တည်ပြီးမှ အခုက ဒုတိယ ရသွားတာ။ အစဥ်အလာကြီးတဲ့ ပြည်နယ်တစ်ခုပဲ။ ဒါ့ကြောင့် လာမယ့်နှစ်အတွက်လည်း အစကတည်းက အားဖြည့်ပြီးတော့ အောင်ချက် အကောင်းဆံုး ပြည်နယ် ဖြစ်အောင် ဒေသအာဏာပိုင်အဖွဲ့တွေ၊ အန်ဂျီအိုအဖွဲ့တွေ၊ မိဘတွေ၊ ဆရာ ဆရာမတွေနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

    မွန်ပြည်နယ်သည် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်တွင် ၄၂ ဒသမ ၅ဝ ရာနှုန်း၊ ၂ဝဝ၉-၂ဝ၁ဝ တွင် ၄၂ ဒသမ ဝ၈ ရာနှုန်း၊ ၂ဝ၁ဝ-၂ဝ၁၁ တွင် ၄၃ ဒသမ ၃၃ ရာနှုန်း၊ ၂၀၁၁-၂၀၁၂ တွင် ၅၂ ဒသမ ၂ ရာနှုန်း၊ ၂၀၁၂-၂၀၁၃ တွင် ၄၇ ဒသမ ၃၈ ရာနှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၄၆ ဒသမ ၇၅ ရာနှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံးအဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။

    မြို့နယ်အလိုက် အောင်ချက်အကောင်းဆုံးအရ မုဒုံမြို့နယ် ၆၃ ဒသမ ၀၈ ရာနှုန်းဖြင့် ပထမ၊ သံဖြူဇရပ်မြို့နယ် ၅၃ ဒသမ ၆၈ ရာနှုန်းဖြင့် ဒုတိယ၊ မော်လမြိုင်မြို့နယ် ၄၇ ဒသမ ၈၉ ရာနှုန်းဖြင့် တတိယ အသီးသီး ရရှိကြသည်။

    တစ်နိုင်ငံလုံး၏ အောင်ချက်အကောင်းဆုံးအရ ဧရာဝတီတိုင်း ၅၁ ဒသမ ၇၈ ရာနှုန်းဖြင့် ပထမ၊ မွန်ပြည်နယ် ၄၃ ဒသမ ၄၀ ရာနှုန်းဖြင့် ဒုတိယ၊ မကွေးတိုင်း ၄၀ ဒသမ ၈၆ ရာနှုန်းဖြင့် တတိယ၊ ရန်ကုန်တိုင်း ၃၇ ဒသမ ၁၆ ရာနှုန်းဖြင့် စတုတ္ထ အသီးသီး ရရှိကြသည်။

    မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၀ ဦး၊ ငါးဘာသာ ၆၀ ဦး၊ လေးဘာသာ ၂၂၄ ဦး၊ သုံးဘာသာ ၂၉၃ ဦး၊ နှစ်ဘာသာ ၄၀၀ ဦး နှင့် တစ်ဘာသာ ၁၆၄၆ ဦး ရှိကြောင်း သိရသည်။

    မွန်ပြည်နယ်သည် ယခင်က ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တခုတည်းတွင်သာ တနင်္သာရီတိုင်းအောက် ကျကာ အောင်ချက် ဒုတိယ အကောင်းဆုံး ရရှိခဲ့ပြီး၊ ၎အရင်နှစ်များတွင်လည်း အောင်ချက်အကောင်းဆုံးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သည်ဟု ပြည်နယ် ပညာရေးမှူးက ပြောသည်။

    မြန်မာနိုင်ငံတွင် နှစ်စဥ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ ကျောင်းသား ခြောက်သိန်းဝန်းကျင် ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ နှစ်စဥ် အောင်ချက် ရာနှုန်း ၃၀ ကျော် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts