Homeသတင်းမွန်ပြည်နယ် မဲဆန္ဒရှင်စာရင်း ထက်ဝက်နီးပါး ပြုစုပြီးစီး

မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်း ထက်ဝက်နီးပါး ပြုစုပြီးစီး

-

လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်း ပြုစုလျက်ရှိရာ ထက်ဝက်နီးပါး ပြုစုပြီးစီးပြီ ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် အသက် ၁၈ နှင့်အထက် ၇ သိန်း ၇ သောင်းကျော်နှင့် သထုံခရိုင်တွင် ၄ သိန်း ၇ သောင်းကျော် ရှိပြီး စုစုပေါင်း ၁ ဒသမ ၂၄ သန်းကျော် ရှိသည့်အနက် မဲပေးနိုင်သူ ၅ သိန်းကျော်ကို ပြုစုပြီးစီးပြီဟု ဆိုသည်။

သူက “မဲစာရင်း ပြုစုတဲ့နေရာမှာ အခက်အခဲ တစ်ခုရှိတာက မှတ်ပုံတင် မရှိတာပဲ” ဟု ပြောသည်။

နိုင်ငံသား စိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်း မရှိသော်လည်း ရပ်ကွက်၊ ကျေးရွာတွင် နေထိုင်ပြီး၊ အသက် ၁၈ နှစ် ပြည့်ခြင်း၊ ရွေးကောက်ခြင်းဆိုင်ရာ ဥပဒေနှင့် ညီညွတ်ခြင်း ရှိပါက ရပ်ကျေး ကော်မတီ ထောက်ခံချက်ဖြင့် မဲစာရင်းတွင် ထည့်သွင်းမည်ဟုလည်း သူက ပြောသည်။

မဲစာရင်း ပြုစုရာတွင် အမျိုးအစား ၄ မျိုး ခွဲထားပြီး၊ ပထမအမျိုးအစားတွင် မြို့နယ်အတွင်း နေထိုင်ပြီး အိမ်ထောင်စုစာရင်း ရှိခြင်း၊ သတ်မှတ်ဥပဒေနှင့် ညီညွတ်ပြီး အသက် ၁၈ နှစ် ပြည့်ခြင်း၊ မဲစာရင်း ထည့်ခြင်း၊ ဒုတိယ မိမိနေထိုင်ရာမြို့နယ်တွင် တာဝန်မကျဘဲ အခြားမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဖြစ်ခြင်း၊ တတိယ နိုင်ငံသား စိစစ်ရေးကဒ် ရှိသော်လည်း သန်းခေါင်စာရင်း မရှိခြင်း၊ ဥပဒေနှင့် ညီပြီး အသက် ၁၈ နှစ် ပြည့်ခြင်း၊ မဲစာရင်း ထည့်ခြင်းနှင့် စတုတ္ထ နိုင်ငံသား စိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်း မရှိသော်လည်း အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေနှင့် ညီညွတ်ခြင်းတို့ ပါဝင်သည်။

ပြည်နယ် ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် က “ဒုတိယအမျိုးအစားကိုတော့ ရွေးကောက်ပွဲ ကြေညာပြီးမှ ထည့်သွင်းပြုစုသွားမယ်” ဟု ပြောသည်။

မဲစာရင်း ပြုစုရာတွင် မြို့နယ်များရှိ လဝကပုံစံ ၆၆/၆ နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး လူဦးရေစာရင်းကို အခြေခံကာ ပြုစုခြင်း ဖြစ်သည်ဟု သူက ပြောသည်။

မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်အနက် သံဖြူဇရပ်မြို့နယ်တွင် မဲပေးနိုင်သူ တစ်သိန်းကျော် ရှိပြီး ၈ သောင်းကျော်ကို စာရင်းပြုစုထားပြီ ဖြစ်သည့်အတွက် အစောဆုံး အပြီးသတ်နိုင်မည်ဟု ဦးခင်မောင်လွင် က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို ပထမအဆင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာအထိလည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ဒီဇင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီလအထိလည်းကောင်း၊ တတိယအဆင့် ဇန်နဝါရီမှ မတ်လအထိလည်းကောင်း၊ စတုတ္ထအဆင့် ဖေဖော်ဝါရီလမှ ဧပြီလထိလည်းကောင်း ပြုစုရန် လျာထားခဲ့ပြီး၊ မွန်ပြည်နယ်သည် နောက်ဆုံးအဆင့် ဖြစ်ကာ မတ်လ ၁၁ ရက်နေ့ စပြီး စတင်ပြုစုခဲ့ခြင်း ဖြစ်သည်။

အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရန်အတွက် သင်တန်းနှင့် စာရင်းပြုစုရန် ကွန်ပြူတာများကို IFES (International Foundation of Electrical System) က ပံ့ပိုးကူညီထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts