spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကဗျာဝပင်လယ်ကမ်းခြေတွင် အပန်းဖြေစခန်းတည်ဆောက်မည်

    ရေးမြို့နယ် ကဗျာဝပင်လယ်ကမ်းခြေတွင် အပန်းဖြေစခန်းတည်ဆောက်မည်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ကဗျာဝကျေးရွာအနီးတွင် ပဏာမအဆင့် အမေရိကန်ဒေါ်လာ ၁၂ သန်း ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်ဇုန်နှင့် ပင်လယ်ကမ်းခြေအပန်းစခန်းတစ်ခုကို တည်ဆောက်သွားမည်ဟု Aurun Company Limited က ပြောသည်။

    ယင်းအပန်းဖြေစခန်း တည်ဆောက်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး သဘောတူညီမှု ရရှိထားပြီး ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ်ဇုန်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်းကို အခြေခံသည့်အပန်းဖြေစခန်းကို အကောင်အထည်ဖော်သွားမည်ဟု ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဌေးသွင် က ပြောသည်။

    သူက “စီမံကိန်း ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၁၂ သန်း ရင်းနှီးဖို့ လျာထားပါတယ်၊ အခြေအနေအပေါ် မူတည်ပြီးတော့ ထပ်တိုးချဲ့သွားဖို့ ရှိပါတယ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စုအစိုးရ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန စည်းကမ်းချက်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

    စီမံကိန်း ဧရိယာသည် ရေးမြို့ တောင်ဘက် ၁၇ မိုင်ခန့် အကွာရှိ ခေါဇာမြို့ အနောက်ဘက် ကဗျာဝကျေးရွာအနီးမှ တောင်ဘက် မန်ကျည်းချောင်းဝထိ အရှည် ၈ မိုင်ခန့်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက် ဖြစ်ပြီး၊ အဆင့်မြင့် အခန်း ၁၂၀ အပါအဝင် ဘန်ဂလိုများ၊ ဧည့်ခန်း၊ စားသောက်ခန်းများ၊ ရေကူးကန်များ၊ ဟိုတယ်ရုံးခန်းများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကားရပ်နားရန် နေရာများ ပါဝင်မည်ဟု သူက ပြောသည်။

    လက်ရှိတွင် စီမံကိန်းမြေနေရာ ရရှိရေးသည် အဓိကကျသည့်အချက် ဖြစ်ပြီး ယခုအခါစီမံကိန်းမြေနေရာအတွင်း ခြံမြေကြိုတင်ဝယ် ယူမှုများ ရှိနေကြောင်း၊ လေ့လာမှုအရ မြေလွတ်မြေရိုင်း မရှိသလောက် ဖြစ်ပြီး ဒေသခံများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံများနှင့် ပုဂ္ဂလိကပိုင် မြေများသာ ဖြစ်ကြောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်တွင် ပြည်နယ်အစိုးရက မြေကိစ္စအတွက် စီစဉ်ညှိနှိုင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးဌေးသွင် က ပြောသည်။

    ကုမ္ပဏီအနေနှင့် မွန်ပြည်နယ် အစိုးရ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလမှ စတင်၍စီမံကိန်းဒေသသို့ သွားရောက်စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လတွင် ပြည်နယ်အစိုးရသို့ အစီရင်ခံစာ တင်သွင်းကာ သက်ဆိုင်ရာဝန်ကြီးများနှင့်လည်း ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

    စီမံကိန်းနှင့်အတူ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက် လမ်းများ အဆင့်မြှင့်တင်ရေး၊ အဆင့်မီ ကျန်းမာရေးဌာန၊ ကျေးလက်စာကြည့်တိုက်၊ ဒေသခံများ ပါဝင်ရောင်းချနိုင်မည့် အဆင့်မြင့်ဈေးနှင့် ဒေသတွင်း ခရီးသည်တင် ယာဉ်လိုင်းငယ် ပြေးဆွဲနိုင်ရေး စသည်တို့ကိုလည်း ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။

    ရေးမြို့နယ် တာဝန်ခံ၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် က “ဒီစီမံကိန်းကနေ ဒေသအကျိုးစီးပွား ဖြစ်ထွန်းလာ မယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေချင်တဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့လည်း အားပေးတယ်၊ တတ်နိုင်တဲ့ဘက်က ကူညီပေးသွားဖို့ ရှိပါတယ်၊ လက်ရှိ မြေနေရာ ရရှိဖို့အတွက် သက်ဆိုင်ရာကျေးရွာက တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ညှိပြီး လုပ်ကြပေါ့” ဟု ပြောသည်။

    ကုမ္ပဏီအနေနှင့် ရေရှည်မျှော်မှန်းချက်ထားက ပြည်တွင်းပြည်ပရှိ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ပြီး ရလဒ်ကောင်းများ ရရှိလာပါက အထပ်မြင့် အဆောက်အဦများ၊ သဘာဝ ခရီးသွားလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပင်လယ်ကမ်းခြေ သုတေသနလုပ်ငန်းများ၊ မီးခိုးတိတ် အစိမ်းရောင်စက်ရုံ အလုပ်ရုံ အစုအဖွဲ့ဇုန်များနှင့် ဒေသခံ တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

    ကဗျာဝကမ်းခြေသည် မွန်ပြည်နယ်အတွင်းတွင် အလှပဆုံးကမ်းခြေတစ်ခု ဖြစ်သော်လည်း အစိုးရတပ်၊ တရားမဝင် မွန်လက်နက်ကိုင် အဖွဲ့ငယ်များ လှုပ်ရှားရာဒေသဖြစ်သဖြင့် အစိုးရ၏ အမဲရောင်နယ်မြေသတ်မှတ်ခံရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းတို့ကြောင့် မထင်ရှားသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks