spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းတိုင်းရင်းသားကျောင်းများ အသိအမှတ်ပြုရန် မွန်ကျောင်းသားသမဂ္ဂ ကြေညာချက်ထုတ်ပြန်

    တိုင်းရင်းသားကျောင်းများ အသိအမှတ်ပြုရန် မွန်ကျောင်းသားသမဂ္ဂ ကြေညာချက်ထုတ်ပြန်

    -

    ဆယ်စုနှစ် ၄ ခု နီးပါးတည်ရှိခဲ့သော တိုင်းရင်းသားဒေသများရှိ အမျိူးသားကျောင်းများကို အမျိူးသားပညာရေးဥပဒေ အခန်း (၆)၊ ပုဒ်မ (၄၃) ကျောင်းအမျိူးစားများအောက်တွင် ထည့်သွင်းပေးရန် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မွန်ပြည်နယ် ကျောင်းသား သမဂ္ဂက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

    ဇန်နဝါရီ ၃၁ နှင့် ဖေဖော်ဝါရီလာ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ တောင်ပေါက်ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် တိုင်းရင်းသား စာပေသင်ကြားရေးနှင့် ပညာရေးစနစ် စိန်ခေါ်မှု ဆိုင်ရာ ဆွေးနွေးပွဲ အပြီးတွင် မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ ကြေညာ ချက်ထုတ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

    “အဓိကက တိုင်းရင်းစာပေ သင်ကြားရေး ကိစ္စပါ၊ ဒီထက်ပိုပြီး ကျယ်ပြန်တဲ့ကိစ္စက ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသား အမျိူးသားကျောင်းတွေ ရှိတယ်၊ မြိုပြနဲ့ ဝေးတဲ့နေရာမှာ အများကြီး ရှိနေတယ်၊ တစ်နိုင်ငံလုံး ပညာရေးလို့ ပြောရင် အဲဒီ ကျောင်းတွေအသိအမှတ် ပြုပေးဖို့ လိုတယ်” ဟု မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ လုပ်ငန်းကော်မတီတာဝန်ခံ ကိုဘုန်းမြတ်မိုး ကပြောသည်။

    ပြည်နယ်အမတ် ဒေါက်တာအောင်နိုင်ဦး တက်ရောက်ဆွေးနွေး(IMNA)
    ပြည်နယ်အမတ် ဒေါက်တာအောင်နိုင်ဦး တက်ရောက်ဆွေးနွေး(IMNA)

    တိုင်းရင်းသားဒေသများရှိ မြို့နှင့် ဝေးလံသော ဒေသများတွင် တိုင်းရင်းသားများကိုယ်တိုင် ဖွင့်လှစ်ထားသော တိုင်းရင်းသား အမျိုးသားကျောင်းများ တည်ရှိနေကြပြီး ၎င်းကျောင်းများကို ပညာရေးဥပဒေမှ အသိအမှတ် ပြုထားခြင်းမရှိသည့်အတွက် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း ကိုဘုန်းမြတ်မိုးက ဆက်ပြောသည်။

    ပညာရေးဥပဒေ အခန်း (၆)၊ ပုဒ်မ (၃၄) တွင် ပါရှိသော ကျောင်းအမျိူးစားများတွင် အစိုးရကျောင်းများ၊ အစိုးရ အထောက်အပံ့ ကျောင်းများ၊ ဒေသန္တရအဖွဲ့အစည်းပိုင် ကျောင်းများ၊ ကိုယ်ပိုင် (သို့) ပုဂ္ဂလိက ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၊ ပရပာိတ ကျောင်းများ၊ အထူးအစီအစဉ်ကျောင်းများ၊ ရွေ့လျားနှင့် အရေးပေါ်ကျောင်းများ၊ ၀န်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ ၀န်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် ကျောင်းများစသည်တို့ ပါ၀င်သည်။

    အဆိုပါ တိုင်းရင်းသား အမျိုးသားကျောင်းအများစုတွင် မိမိတိုင်းရင်းသားစာပေ၊ ဗမာ စာပေ နှင့် အင်္ဂလိပ် စာပေတို့သင်ကြား လျက် ရှိကြောင်း တိုင်းရင်းသားကျောင်းဆရာများထံမှ သိရသည်။

    ထို့ကြောင့် တိုင်းရင်းသားအမျိူးသားကျောင်းများကို အစိုးရမှ အသိအမှတ်ပြုကာ ဘတ်ဂျက်ချထားပေးပါက တိုင်းရင်းသား ကျောင်းသားများအတွက် အကောင်းဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဆရာ မင်းသိန်းဝင်းက ပြောသည်။

    “ပညာရေး ဥပဒေမှ တိုင်းရင်းသားကျောင်းတွေ ထည့်လို့ ဖြစ်နိုင်ပါတယ်၊ ထည့်ရင် ဘာဖြစ်မှာလဲ၊ ဒါကတိုင်းရင်းသား ကျောင်း တွေ မှေးမှိန်အောင်လုပ်ထားတာလား၊ ဒီကျောင်းတွေက ရှိပြီးသားဘဲလေ၊ ဒါကို အသိအမှတ်ပြု လိုက်ရင်တိုင်းရင်းသားတွေ အတွက် အများကြီး အဆင်ပြေသွားမယ်” ဟု ဆရာ မင်းသိန်းဝင်း က ပြောသည်။

    မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးမှ ကျောင်းသားများ တောင်းဆိုနေကြသည့် အချက် ၁၁ ချက်ကို အကောင်အထည်ဖော် ဆွေးနွေးရန်၊ ကျောင်းသားများတောင်းဆိုနေသည့် ဒီမိုကရေစီ ပညာရေးစနစ်အား အုတ်မြစ် ချပေးရန်၊ မိခင်၊ ဗမာ၊ နိုင်ငံခြားဘာသာစကား စသည့် ဘာသာစုံ ပညာရေးကို ဥပဒ တိတိကျကျ အကောင်အထည့်ဖော်ရန်နှင့် တိုင်းရင်သားဘာသာစကားများကို သက်ဆိုင်ရာ ဒေသအလိုက် ကျောင်းသုံးဘာသာ စကားအဖြစ် အသုံးပြုရန်ထည့်သွင်း ထားသည်ကို တွေ့ရသည်။

    မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လ ၂၆ ရက်နေ့ က စတင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယခုပြုလုပ် သည့် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပညာရေးစနစ် စိန်ခေါ်မှုဆိုင်ရာ ဆွေးနွေးပွဲသည် ၎င်းတို့၏ ပထမဆုံး ခြေလှမ်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts