တရားခံဟု သတ်မှတ်ခံထားရသူမှာ (၂၃ နှစ်) အရွယ်ရှိ နိုင်ဝင်း ဖြစ်ပြီး၊ ၎င်းသည် ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် နေထိုင်သည့် ရေလုပ်သားတစ်ဦး ဖြစ်သည်။
သားမယား ပြုကျင့်ခံရသည့် မ — (၉ နှစ်) သည် ဇန်နဝါရီ ၆ ရက်နေ့၊ ည ၈ နာရီအချိန် ရေးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး၊ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် မ — ၏ ဦးခေါင်းနှင့် ဝဲမျက်လုံး ဖူးရောင်ဒဏ်ရာ၊ မိန်းမကိုယ်အင်္ဂါ စုတ်ပြဲဒဏ်ရာများ တွေ့ရှိရကြောင်း၊ ၎င်းည ၁၀ နာရီကျော်တွင် နိုင်ဝင်းအား ဖမ်းဆီးရမိကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမြင့်သော် က ပြောသည်။
နိုင်ဝင်း၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၆ ရက်နေ့တွင် မ — နှင့် မောင်ဝိုင်းချစ် (၈ နှစ်) တို့အား ဓနိသီး ခူးကျွေးမည်။ ပိုက်ဆံ ၅,ဝ၀ဝ လည်း ပေးမည်ဟု ဆိုကာ ခေါ်ဆောင်သွားပြီး ရွာအနောက်ဘက်၊ အော်ကြီးခြံစု၊ ဓနိတောအတွင်း မ — အား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ပြုကျင့်ပြီးနောက် ရုန်းကန်ထွက်ပြေးသဖြင့် သစ်သားတုတ်ပိုင်းဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ကြောင်း၊ အတူလိုက်ပါခဲ့သူ မောင်ဝိုင်းချစ်ကိုလည်း ဓနိလက်အရိုးဖြင့် ရိုက်နှက်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် သားမယား ပြုကျင့်ခံရသည့် ဇီးဖြူသောင်ကျေးရွာ အနောက်ဘက်၊ အော်ကြီးခြံစု၊ ဓနိတောအတွင်း၌ မ — ဝတ်ဆင်ထားသည့် အနီရောင် ကလေးဝတ်ဘောင်းဘီတို (၁) ထည်၊ နှာခေါင်းကြေ၊ ဝဲမျက်လုံးပေါက်ပြဲဒဏ်ရာ၊ မေးအောက်မှ ဝဲဘက်ပါးစောင်အထိ စုတ်ပြဲဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည့် မောင်ဝိုင်းချစ်ကို တွေ့ရှိရကြောင်း ရေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးပြုံးချို က ပြောသည်။
သားမယား ပြုကျင့်ခံထားရသူ မ — သည် ရေးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားစဉ် ဇန်နဝါရီလ ၇ ရက်နေ့၊ နံနက် ၉ နာရီတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံဟု သတ်မှတ်ခံထားရသူ နိုင်ဝင်းအား ဒုရဲမှူးပြုံးချို က တရားလို ပြုလုပ်ကာ ပြစ်မှုပုဒ်မ ၃၇၆/၃၀၂ အရ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။