spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဆိုင်းဘုတ်များတွင် မွန်ဘာသာပူးတွဲဖေါ်ပြရန် ပြည်နယ်လွှတ်တော်သို့တင်သွင်း

    မွန်ပြည်နယ်ဆိုင်းဘုတ်များတွင် မွန်ဘာသာပူးတွဲဖေါ်ပြရန် ပြည်နယ်လွှတ်တော်သို့တင်သွင်း

    -

    မွန်ပြည်နယ်ရှိ အစိုးရပိုင်အဆောက်အဦးများဖြစ်သည့် ဆေးရုံ၊ စာသင်ကျောင်းများနှင့် အုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များတွင် မြန်မာဘာသာနှင့်တကွ မွန်ဘာသာဖြင့် ပူးတွဲရေးသားဖေါ်ပြသွားရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပသော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ သံဖြူဇရပ်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်ဦး(နိုင်တလချမ်း)က IMNA သို့ ပြောသည်။

    8-imagesပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်ဦးက မွန်ပြည်နယ်အစိုးရလက်အောက်ရှိ ဌာနဆိုင်ရာအဆောက်အဦးအသီးသီး၌ ယင်းကဲ့သို့ ပူးတွဲဖေါ်ပြမည်ဆိုပါက တိုင်းရင်းသားများ၏ စာပေဖွံ့ဖြိုးတိုးတက်ရေးကို ကူညီရာရောက်မည်ဖြစ်သကဲ့သို့ တိုင်းရင်းသားအချင်းချင်း သွေးစည်း ညီညွတ်မှုကိုလည်း အထောက်အကူဖြစ်မည်ဟူသည့် ရည်ရွယ်ချက်ဖြင့် လွှတ်တော်၌ မေးမြန်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    နိုင်ဦးက “ဒါကိုနိုင်ငံတော်အစိုးရကလည်းခွင့်ပြုထားတယ်၊ အများက နားမလည်တဲ့အတွက် ကျောင်းတွေ၊ ဆေးရုံဆိုင်းဘုတ်တွေမှာ မွန်စာရေးဖို့ မလုပ်ရဲကြပါဘူး၊ မလုပ်ရဲကြဘူး ဆိုတာကလည်း မြို့နယ် အုပ်ချူပ်ရေးရုံးတွေကနေ မွန်ဘာသာရေးလို့မရတာမျိုး ခြိမ်းခြောက်တာမျိုးရှိခဲ့တယ်၊ ဒါကြောင့် ဒီကိစ္စကို လွှတ်တော်မှာတရားဝင် ဖြစ်အောင် ကျနော် မေးမြန်းလိုက်တာပါ”ဟု ပြောသည်။

    ယင်းမေးမြန်းချက်နှင့်ပက်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားစာပေကို တိုင်းရင်းသား ပြည်သူလူထုများက လွတ်လပ်စွာရေးသားပြောဆိုနိုင်သည့် ဥပဒေများပါရှိနေခြင်းကြောင့် အစိုးရပိုင် ကျောင်းများ၊ ဆေရုံများနှင့် ဌာနဆိုင်ရာရုံးအသီးသီးတွင် တိုင်းရင်းသားဘာသာနှင့်တကွ ပူးတွဲဖေါ်ပြပါက နိုင်ငံတော်အစိုးရအနေဖြင့် ဟန့်တားနိုင်ခြင်းမရှိဟု လွှတ်တော်မှ ပြန်လည်ဖြေကြားကြောင် သူက ဆက်ပြောသည်။

    မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် အဆိုပါအစိုးရပိုင်ရုံးဆိုင်းဘုတ်များတွင် တိုင်းရင်းသားဘာသာဖြင့် ပူးတွဲဖေါ်ပြသည့် မေးမြန်းချက်မေးခွန်းအပါအဝင်၊ ကြယ်ပွင့်ပြမေးခွန်း ၁၈ ခု၊ အဆို ၃ ခုနှင့် ဥပဒေကြမ်း ၂ ခုကို တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

    “ဖွဲ့စည်းပုံအခြေအခံဥပဒေ ပုဒ်မ ၂၂ မှာ တိုင်းရင်းသားတို့ရဲ့ ဘာသာစကားနဲ့ စာပေယဉ်ကျေးမှုကို နိုင်ငံတော် ကနေပြီးတော့ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးရမယ်ဆိုတာပါရှိတယ်၊ ဒါဟာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးအတွက် ဖြစ်တယ်၊ အချို့တွေက တိုင်းရင်းသားအမည် နာမတွေကို ကိုယ့်ဒေသမှာ ပူတွဲပြီးရေးချင် ကြတယ်၊ ဒါဟာဖြစ်သင့်တဲ့ကိစ္စပါ၊ ကျနော့်ဒေသမှာလည်း အခုလိုရေးခဲ့လို့ မြို့နယ်/ထွေအုပ်တွေက ခွင့်မပြုလို့ ပြဿနာတွေဖြစ်ခဲ့ဖူးပါတယ်”ဟု ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ထို့အပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်မှုရုံးအ စည်းအဝေးခန်းမဆောင် အား “ဘုရင့်နောင်ခန်းမဆောင်” ဟု အမည်ပေးထားခြင်းအပေါ် မွန်တိုင်းရင်းသား အများဆုံးနေထိုင်သည့် ဒေသခံများက မွန်ဘုရင်(သို့မဟုတ်)မွန်သူရဲကောင်းနာမည် တစ်ခုခုကို ပြန်လည် ပြောင်းလဲပေးစေလိုသည့် အဆိုကို တင်သွင်းခဲ့ရာ ပြည်နယ်လွှတ်တော်မှကန့်ကွက်ခဲ့ကြောင်း နိုင်ဦး ပြောကြားချက်အရ သိရသည်။

    မွန်ပြည်နယ်လွှတ်တော်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှ စတင်ပေါ်ပေါက်လာပြီး ပုံမှန်အစည်းအဝေး ကျင်းပလာရာ ၁၀ ကြိမ်မြောက်ရှိပြီး ဒဿမပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၂၊ ၃၊ ၅ ရက်နေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks